ကိုဗစ်ကာလနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မကျင်းပနိုင်တဲ့ ရိုးရာနတ်ပွဲ ပြန်လည်ကျင်းပ (ရုပ်/သံ)

ကိုဗစ်ကာလကတည်းက ကျင်းပခွင့်မရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ရိုးရာနတ်ပူဇော်ပသပွဲကို အခုနှစ်မှာ ပြန်လည်ကျင်းပခဲ့တယ်လို့ လုံခြုံရေးယူပေးခဲ့တဲ့ အညာမြေတပ်ပေါင်းစုတပ်ဖွဲ့ဆီက သိရပါတယ်။

ကိုဗစ်မဖြစ်ခင် ယခင်နှစ်တွေမှာ ပုံမှန်ကျင်းပခဲ့ကြပေမယ့် ကိုဗစ်ကာလနဲ့ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေမလုံခြုံတာကြောင့် ရိုးရာနတ်ပူဇော်ပသပွဲကို မကျင်းပနိုင်ခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ ကာကွယ်ရေးအဖွဲ့တွေက နယ်မြေစိုးမိုးထားနိုင်ပြီးဖြစ်လို့ ပြန်လည်ကျင်းပနိုင်တာလို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

ရိုးရာနတ်ပွဲပူဇော်ပသပွဲကို ကိုကြီးကျော်၊ အမေရေယာဥ်နဲ့ ပန်းပဲမောင်တင့်တယ်စတဲ့ နတ်တွေကို ဒေသတွင်းယုံကြည်သူတွေက နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဝါဆိုလပြည့်ကျော် ၁ ရက်ကနေ ၈ ရက် (ယခု ဇူလိုင် ၂၁ ကနေ ၂၈) ထိ ကျင်းပတာလို့ ဆိုပါတယ်။ 

နတ်ပူဇော်ပွဲကို သွားရောက်ခဲ့တဲ့ ဒေသခံလူငယ်တဦးကလည်း နတ်ကတာကို ကြည့်ခဲ့ပြီး လာရောက်လည်ပတ်သူတွေနဲ့ စည်ကားနေတယ်လို့ ပြောပါတယ်။

အဲဒီပွဲဈေးတန်းမှာ သံထည်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ လယ်ယာသုံး ဓါး၊ တံဇဉ်၊ ပေါက်ပြား၊ နွားနဲ့ ပတ်သက်တဲ့ အသုံးအဆောင်တွေ၊ အိမ်သုံးပစ္စည်းတွေ၊ ဒေသထွက်ဝါးနဲ့ ယက်လုပ်ထားတဲ့ ဆန်ကောနဲ့ ဆန်ကာအမျိုးမျိုး၊ မြေထည်ပစ္စည်းတွေဖြစ်တဲ့ မြေအိုးမျိုးစုံနဲ့ ကလေးကစားစရာ ရောင်စုံအိုးပုတ်တွေအပြင် ဒေသထွက်စားစရာအချို့ကိုလည်း ဒေသခံတွေက လာရောက်ရောင်းချကြတယ်လို့ ဆိုပါတယ်။

ရိုးရာဓလေ့ နတ်ပူဇော်ပွဲ စည်ကားစွာကျင်းပခြင်းမပြုနိုင်ခဲ့တဲ့ နှစ်တွေမှာတော့ နတ်တင်တာ နတ်ဆက်တာတွေကို နတ်ကတော်တွေနဲ့ ယုံကြည်သူတွေက အကျဉ်းချုံးကာ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင် #ရိုးရာနတ် #ပူဇော်ပသပွဲ #ပြန်လည်ကျင်းပ #PDF #လုံခြုံရေးယူပေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10