ကိုယ်ထူကိုယ်ထဆေးခန်းမှာ ဒဏ်ရာရလာတဲ့ မည်သည့်ရဲဘော်ကိုမဆို အခမဲ့ကုသပေးနေ

ကိုယ်ထူကိုယ်ထဆေးခန်းမှာ ဒဏ်ရာရလာတဲ့ မည်သည့်ရဲဘော်ကိုမဆို အခမဲ့ကုသပေးနေ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အခြေပြု ယင်းမာပင်ခရိုင် PDF တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော် (D.M.S.A)က ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထဆေးပေးခန်းမှာ ဒဏ်ရာရလာတဲ့မည်သည့် ရဲဘော်ကိုမဆို အခမဲ့ဆေးကုသပေးတယ်လို့ ဆိုပါတယ်။

“ဘယ် PDF ရဲဘော်ပဲဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရရင် လုံးဝအခမဲ့ကုပေးတယ်။ ထမင်းလည်း ကျွေးတယ်။ နေကောင်းပျောက်မှ ဆေးရုံကနေ ပေးဆင်းတယ်။ ဆေးခန်းအတွက်ကို တချို့က ငွေ ၁ ထောင်စ ၂ ထောင်စ ပြန်လှူသွားတာမျိုး ရှိတယ်။ တချို့ကလည်း အလှူငွေထည့် မသွားတာမျိုးလည်း ရှိတယ်” လို့ ဓားမဆိုင်းတပ်မတော် တပ်ရင်းမှူး ဗိုလ်စွမ်းသူမောင်က မြေလတ်အသံကို ပြောပါတယ်။

ကိုယ်ထူကိုယ်ထဆေးခန်းမှာ CDM သူနာပြုနဲ့ ဆေးဝါးကျွမ်းကျင် ဆရာ၊ ဆရာမ ၁၅ ဦးနဲ့ ဆေးကုသမှုပေးနေပြီး သူတို့တွေအတွက် တလကို ကျပ် ၁ သိန်း ထောက်ပံ့ပေးထားတယ်လို့ အဆိုပါ တပ်ရင်းမှူးက ဆက်ပြောပါတယ်။

“အနှိုင်းမဲ့ရင်ခွင်” လို့ အမည်ပေးထားတဲ့ ကိုယ်ထူကိုယ်ထဆေးခန်းကို မတ်လ ၅ ရက်နေ့ကစတင်ကာ ဓါးမဆိုင်းတပ်မတော် (D.M.S.A) တပ်ရင်းမှူး ဦးဆောင်ပြီးမှ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီကနေ့အထိ လူနာပေါင်း ၁၀၀ ကျော်ကို ကုသမှုပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အနှိုင်းမဲ့ရင်ခွင် ဆေးခန်းကနေ မတ်လ ၉ ရက်နဲ့ မတ်လ ၁၈ ရက် ဒီကနေ့မနက်ပိုင်းမှာ တလအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ဦးကို မီးဖွားပေးနိုင်ခဲ့ပြီး၊ ကိုယ်ထူကိုယ်ထဆေးခန်း ရေရှည်ဖွင့်လှစ်နိုင်ဖို့အတွက် ဆေးခန်းလာပြတဲ့ ဒေသခံတွေဆီကနေ ငွေကြေးအနည်းငယ်ကို ကောက်ခံသွားဖို့ စီစဉ်နေတယ်လို့လည်း အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10