ကိုယ်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ရဲဘော် ၃၀ ကျော်ကို စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ ကျပ် ၅ သိန်းစီ ထောက်ပံ့

ကိုယ်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ရဲဘော် ၃၀ ကျော်ကို စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ ကျပ် ၅ သိန်းစီ ထောက်ပံ့

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကလေးခရိုင်အတွင်းမှာ တိုက်ပွဲနဲ့လက်နက်ထုတ်လုပ်ရေးတွေကြောင့် ကိုယ်လက်အင်္ဂါတွေဆုံးရှုံးခဲ့ရတဲ့ တော်လှန်ရေးရဲဘော် ၃၀ ကျော်ကို ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ ကလေးမြို့နယ် "ခဏတာအရိပ်ဆေးရုံ"တာဝန်ခံဆီက သိရပါတယ်။

ကလေးခရိုင် PDF ရဲဘော် ၃၁ ဦး၊ ကလေးမြို့နယ်ပကဖတပ်ဖွဲ့ဝင် ၅  ဦး စုစုပေါင်းရဲဘော် ၃၆ ဦးကို စိတ်ဓာတ်ခွန်အားဖြစ်စေဖို့အတွက် တဦးကို ငွေကျပ် ၅ သိန်းနှုန်းနဲ့ ငွေကျပ်သိန်း ၁၈၀ ကို အောက်တိုဘာ ၅ ရက်မှာ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

" သူတို့ကိုမေ့မထားဘူးဆိုတာကို သိစေချင်ပါတယ်။ ဒီငွေပမာဏနည်းပေမယ့် သူတို့ရဲ့လိုအပ်ချက်တချို့ကို အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ထောက်ပံ့ခဲ့တာပါ" လို့ "ခဏတာအရိပ်ဆေးရုံ"တာဝန်ခံ ဒေါက်တာ PK ကမြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီရဲဘော်တွေဟာ တော်လှန်ရေး ၃ နှစ်ခွဲကျော်ကာလအတွင်း လက်နက်စမ်းသပ်ထုတ်လုပ်မှုတွေအတွင်း ပေါက်ကွဲမှုဖြစ်ပွားတာ၊ တိုက်ပွဲဖြစ်ပွားစဉ် လက်နက်ကြီးဗုံးစနဲ့ လက်နက်ငယ်ကျည်ဆန်ထိမှန်တာ၊ မိုင်းနင်းမိတာတွေကြောင့် ခြေ၊လက်နဲ့ မျက်လုံးတွေအပါအဝင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်ဆုံးရှုံးခဲ့ရတာပါ။

အခုလိုထောက်ပံ့ငွေဟာ ပြည်တွင်းရှိ ကူညီထောက်ပံ့ရေးအဖွဲ့အစည်းတခုက ကလေးမြို့နယ် "ခဏတာအရိပ်"ဆေးရုံမှာ မသန်စွမ်းလူနာတွေ လွှဲပြောင်း ထောက်ပံ့တဲ့အခါ အသုံးပြုဖို့ လှူဒါန်းထားတဲ့ငွေ ဖြစ်တယ်လို့ သူကဆိုပါတယ်။

ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ရဲဘော် ၃၆ ဦးအနက် တချို့မှာ ၎င်းတို့ဆန္ဒအလျောက် တပ်ရင်း/တပ်ဖွဲ့ တွေမှာ ထုတ်လုပ်ရေးပိုင်း၊ ရုံးပိုင်း၊ ထောက်ပို့ကဏ္ဍ စတာတွေမှာ တာဝန်ဆက်လက်ထမ်းဆောင်နေကြသလို နေအိမ်မှာပဲ အနားယူခွင့်ပေးထားတဲ့ရဲဘော်တွေလည်းရှိတယ်လို့ သိရပါတယ်။

အခုလို ထောက်ပံ့တာအပြင် ကလေးမြို့နယ်အတွင်းရှိ Local တပ်ဖွဲ့ဝင်တွေကိုလည်း ဆက်လက် ကူညီထောက်ပံ့ပေးသွားမယ်လို့ တာဝန်ခံဒေါက်တာက ပြောပါတယ်။

ပုံစာ-ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေကို ထောက်ပံ့ငွေပေးနေစဥ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #ကိုယ်လက်အင်္ဂါဆုံးရှုံး #ထောက်ပံ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10