ကိုဝေမိုးနိုင်ဖမ်းဆီးခံရမှုမှာပါဝင်တဲ့ ရဲအရာခံဗိုလ်တဦးကို မုံရွာမြို့နယ် ပလဖ ဖမ်းဆီး

ကိုဝေမိုးနိုင်ဖမ်းဆီးခံရမှုမှာပါဝင်တဲ့ ရဲအရာခံဗိုလ်တဦးကို မုံရွာမြို့နယ် ပလဖ ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဖမ်းဆီးခံရမှုမှာ ပါဝင်ပတ်သက်တဲ့ ရဲအရာခံဗိုလ်တဦးကို မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က မေ ၁၉ ရက် မနက် ၉ နာရီလောက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။ 

မုံရွာခရိုင်ရဲရုံး၊ မှုခင်းဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာခံဗိုလ် ကိုဝင်းနိုင် ကို မုံရွာမြို့၊ ချမ်းမြသာစည် ရပ်ကွက်၊ နေဇာလမ်းရှိ သူဖွင့်လှစ်ထားတဲ့ဈေးဆိုင်မှာ ဝင်ဖမ်းခဲ့တာလို့ ဆိုပါတယ်။ 

“ ဒီကောင့်ရဲ့ အထင်ရှားဆုံးအမှုတွေကတော့ မုံရွာပင်မသပိတ်ခေါင်းဆောင် ဝေမိုးနိုင်ကို သတင်းပေးတာ အဲ့ကောင်ပဲ။ ဘာလို့လဲဆိုတော့ ဝေမိုးနိုင်ဖမ်းဆီးထိန်းသိမ်းခံရတုန်းက အဲ့ဒီဘေးမှာ ကျနော်ရှိတယ်။ ကျနော်တို့သပိတ်စထွက်တဲ့နေရာနဲ့ သူဆိုင်နဲ့က မီတာဘယ်လောက်မှာမဝေးဘူး။  သပိတ်စတင်ပြီး လူစုနေပြီးဆိုတာနဲ့ စရဖ ကို လှမ်းပြီးဖုန်းဆက်တာ သူကိုယ်တိုင်ပါလို့ ဝန်ခံထားတယ်” လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ဒုတာဝန်ခံ ကိုသီဟ က ပြောပါတယ်။

ဒါ့အပြင် ကိုဝင်းနိုင်ဟာ မုံရွာမြို့ပေါ်က ရတနာပုံ၊ ချမ်းပြသာစည်၊ လယ်တီရပ် စတဲ့ရပ်ကွက်တွေမှာ သတင်းပိုင်းဆိုင်ရာထောက်လှမ်းရေးအဖြစ် တာဝန်ယူထားသလို အဲဒီရပ်ကွက်က ငွေကြေးချမ်းသာသူတွေရဲ့ နေအိမ်တွေကိုလည်း မှတ်ထားပြီး ကာကွယ်ရေးတပ်ဖွဲ့တွေကို သတင်းပေးတဲ့အိမ်လို့ စွပ်စွဲကာ ငွေတောင်းတာတွေလည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။

“အဲဒီရပ်ကွက်ထဲမှာရှိတဲ့ ပိုက်ဆံရှိတဲ့အိမ်တွေကို တားဂက်ထားတယ်။ သူက List ထုတ်ထားပြီးတော့ ခရိုင်ရဲရုံးကို တင်ပေးရတယ်လို့သူပြောတယ်။ ခရိုင်ရုံးက ပိုက်ဆံလိုရင် သူ list ထုတ်ထားတဲ့ အိမ်တွေကို PDF နဲ့ ပတ်သက်ပါတယ်ဆိုပြီး အပြစ်မရှိအပြစ်ရှာ ငွေညှစ်တယ်။ အဲ့အတွက် သူက ၃၀ ရာခိုင်နှုန်း ရတယ်လို့ထွက်ဆိုထားတယ် ” လို့ ဒုတာဝန်ခံ ကိုသီဟ က ပြောပါတယ်။ 

ဖမ်းဆီးပြီး နာရီပိုင်းလောက်အကြာမှာတော့ အိမ်စီးကားတွေနဲ့ စစ်ကောင်စီအဖွဲ့တွေ ရောက်ရှိလာပြီး ရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

 သူ့ကိုဖမ်းဆီးဖို့ အချိန် ၆ လကျော်ယူခဲ့ရပြီး ဖမ်းဆီးပြီးနောက် မေ ၂၂ ရက်မှာ မုံရွာနယ်ရှိ NUG လက်အောက်ခံ အကျဉ်းထောင်တခုကို ပို့ဆောင်ထားပြီး တရားဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမယ်လို့ ဒုတာဝန်ခံ ကိုသီဟ က ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မုံရွာ #ရဲအရာခံဗိုလ် #ဖမ်းဆီး #သပိတ်ခေါင်းဆောင် #ကိုဝေမိုးနိုင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10