ကောလင်းမြို့ပေါ်ကို ခမရ ၁၂၀ က လက်နက်ကြီးနဲ့ပစ်လို့ နေအိမ် ၂ လုံးမီးလောင်

ကောလင်းမြို့ပေါ်ကို ခမရ ၁၂၀ က လက်နက်ကြီးနဲ့ပစ်လို့ နေအိမ် ၂ လုံးမီးလောင်

စစ်ကိုင်းတိုင်း၊ ဝန်းသိုနယ်အခြေစိုက် ခမရ ၁၂၀ တပ်ရင်းကပစ်ခတ်တဲ့ လက်နက်ကြီးကျည်က ကောလင်းမြို့ပေါ်ကို ကျရောက်ပြီး နေအိမ် ၂ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ခမရ ၁၂၀ တပ်ရင်းနဲ့ ၁၀ မိုင်အကွာရှိ ကောလင်းမြို့ပေါ် မြောက်အင်းရပ်ကွက်က နေအိမ်တလုံးနဲ့ မြို့နယ်ထွေအုပ်ရုံးအနီးက နေအိမ်တလုံး မီးလောင်ပျက်စီးခဲ့တာပါ။ 

“မနေ့က ဘာထိတွေ့မှုမှမရှိဘူး။ သူတို့ဒီအတိုင်းပစ်တာ။ နေ့တိုင်းလိုလို ဒရုန်းတွေ ပျံသန်းနေတာ။ မနေ့က ပစ်ခတ်မှုမှာ ပြည်သူထိခိုက်မှုတော့မရှိပါဘူး။ နေအိမ်တချို့ပဲ မီးလောင်သွားတာ” လို့ ကောလင်းဒေသခံတဦးက ပြောပါတယ်။  

ဒါ့အပြင် ကောလင်းမြို့ဘက်ကို စစ်ကောင်စီဘက်က မကြာခဏဆိုသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတာကြောင့် မြို့ပေါ်နေ ဒေသခံအချို့လည်း ကြောက်လန့်ပြီးထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ဝန်းသိုမြို့ပေါ်ကနေ စစ်ကောင်စီတပ်သားတွေက ဟောင်ဝစ်ဇာ တာဝေးပစ်အမြောက် ၈ လုံးပစ်ခတ်ခဲ့ရာ ၇ လုံးဟာ ကောလင်းမြို့ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ တာကြောင့် အသက် ၅၅ နှစ်အရွယ် ဒေါ်မိုးမိုးဝင်း၊ ၄၆ နှစ်အရွယ် ဒေါ်စန်းစန်းဝင်း၊ ၄၁ နှစ်အရွယ် မအေးနှင်း၊ ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၄၀ နှစ်အရွယ် အမျိုးသား ၁ ဦး တို့ ထိမှန်သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဝန်းသို #ကောလင်း #ခမရ၁၂၀ #လက်နက်ကြီးပစ် #စစ်ကောင်စီ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10