ကောလင်းမြို့ပေါ်ကို စစ်တပ်က ဟောင်ဝစ်ဇာနဲ့ပစ်လို့ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၁ ဦးသေဆုံး

ကောလင်းမြို့ပေါ်ကို စစ်တပ်က ဟောင်ဝစ်ဇာနဲ့ပစ်လို့ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၁ ဦးသေဆုံး

ကောလင်းမြို့ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ကောလင်းမြို့ခံပြည်သူ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၁ ဦး စုစုပေါင်း ၆ ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂ ရက် ဒီနေ့ မနက် ၈ နာရီကျော်လောက်မှာ ဝန်းသိုမြို့ပေါ်ကနေ စစ်ကောင်စီတပ်သားတွေက ဟောင်ဝစ်ဇာ တာဝေးပစ်အမြောက်နဲ့ ၈ လုံးပစ်ခတ်ခဲ့ရာ ၇ လုံးဟာ ကောလင်းမြို့ပေါ်ကို ကျရောက်ပေါက်ကွဲပြီး မြို့ခံတွေ သေဆုံးခဲ့ရတာပါ။ 

သေဆုံးခဲ့ရသူတွေဟာ အသက် ၅၅ နှစ်အရွယ် ဒေါ်မိုးမိုးဝင်း၊ အသက် ၄၆ နှစ်အရွယ် ဒေါ်စန်းစန်းဝင်း၊ အသက် ၄၁ နှစ်အရွယ် မအေးနှင်း၊ အသက် (၁၈)နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၄၀ နှစ်အရွယ်အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးတို့ ထိမှန် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

အလားတူ အသက် ၅၁ နှစ်အရွယ် ဦးစောရွှေ နဲ့ အသက် ၄၀ နှစ်အရွယ် ဒေါ်ခင်မြတို့လည်း ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ 

“သူတို့ဘာကြောင့်ပစ်တာလဲဆိုတော့ မြို့ထဲမှာ လူစည်ကားနေတာကို မလိုချင်လို့ရယ်၊ စစ်ရေးအရ စစ်မြူနေတယ်လို့ထင်ပါတယ်။ အခုကောလင်းမှာတော့ တိတ်ဆိတ်ပြီး ရှင်းလင်းနေပါတယ်” လို့ ကောလင်းမြို့ခံတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ခရိုင်မြို့တမြို့ဖြစ်တဲ့ ကောလင်းမြို့ကို ၂၀၂၃ နိုဝင်ဘာ ၆ ရက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စတင်သိမ်းယူနိုင်ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်အလံကို လွှင့်ထူခဲ့ပါတယ်။ 

ကောလင်းခရိုင် မြန်မာ့စီးပွားရေးဘဏ်က ငွေကျပ်သန်းပေါင်း ၉၅၀ ကျော်နဲ့ ပုဂ္ဂလိကဘဏ်တွေကနေ ငွေကျပ်သန်းပေါင်း ၄၄,၅၀၀ ကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်က သိမ်းခဲ့ပြီး ကောလင်းမြို့မရဲစခန်းမှာ မတရားအဖမ်းခံထားရသူ ၆၃ ဦးကိုလည်း လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် တလနီးပါးအကြာ ဒီဇင်ဘာ ၃ ရက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့အုပ်ချုပ်ရေးကို စတင်နေပြီလို့ ကြေညာခဲ့ပါတယ်။ 

အဲဒီနောက်ပိုင်းမှာပဲ စစ်ကောင်စီက ကောလင်းမြို့ကို ပြန်လည်သိမ်းယူနိုင်ရန် ကောလင်းမြို့နဲ့ ဝန်းသိုမြို့ အကြားရှိ ခမရ ၁၂၀ တပ်ရင်းကို နိုဝင်ဘာလ ဒုတိယအပတ်ကစတင်ကာ ရဟတ်ယာဉ်နဲ့ လူအင်အားပို့ဆောင်တာတွေ ဆက်တိုက်ပြုလုပ်နေခဲ့တာလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်ကလည်း ဝန်းသိုစစ်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကောလင်းအရှေ့ခြမ်း တောင်မော်ရွာထဲကို ကျရောက်ပေါက်ကွဲသွားပြီး အဲဒီရွာက နေအိမ်တလုံးမီးလောင်ပျက်ဆီးတဲ့အပြင် အမျိုးသမီး ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စာတည်း −လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကောလင်းမြို့ #စစ်ကောင်စီ #လက်နက်ကြီး #ဟောင်ဝစ်ဇာ #ဝန်းသို #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10