ကောလင်းမှာ အမျိုးသား ၂ ဦးကို စစ်အုပ်စုက သတ်ခဲ့

ကောလင်းမှာ အမျိုးသား ၂ ဦးကို စစ်အုပ်စုက သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ အင်းမကျေးရွာက အမျိုးသားတဦးနဲ့ ဓားစားခံအဖြစ်ဖမ်းခေါ်လာတဲ့ အမျိုးသားတဦးကို စစ်ကောင်စီတပ်တွေက အောက်တိုဘာာ ၂၃ ရက်မှာ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကိုးတောင်ဘို့တိုက်နယ်ကနေ အင်အား ၁၀၀ ကျော်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက သူတို့ဓားစားခံအဖြစ်ဖမ်းလာတဲ့ အမျိုးသားတဦးကို တောင်ကြီးရွာထဲမှာ ဓားအသုံးပြု သတ်ခဲ့ပါတယ်။ 

အဲ့ဒီနောက်မှာ တောင်ကြီးရွာကနေ ၃ မိုင်လောက်ဝေးတဲ့ အင်းမရွာဘက်ကို ထွက်လာချိန် ကြက်စာလာကျွေးတဲ့ အင်းမရွာသား ၃၆ နှစ်အရွယ် ဦးစိန်လွင်ကိုတွေ့ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ 

“တယောက်ကတော့ ကျနော်တို့မသိဘူး။ သူ့ကို ဘယ်ကနေဖမ်းလာတာလဲ ကျနော်တို့မသိဘူး။ အင်းမရွာသားကတော့ သုံးဘီးနဲ့ ကြက်စာလာကျွေးဖို့လာတဲ့အချိန် စစ်ကောင်စီတပ်သားတွေကို တွေ့ပြီး ပြန်လှည့်တဲ့အချိန်မှာ အပစ်ခံလိုက်ရတာ” လို့ ကောလင်းဒေသခံက ပြောပါတယ်။

အလောင်းတွေကိုတော့ ဒေသခံတွေက ကောက်ယူပြီး မနေ့က ညနေပိုင်းမှာပဲ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ အဲ့ဒီစစ်ကောင်စီတပ်တွေဟာ ကောလင်းမြို့နယ်၊ အင်းတက်ကျေးရွာမှာ တပ်စွဲနေပြီး စစ်ကြောင်းထိုးလို့ တိမ်းရှောင်ခဲ့ရတဲ့ တောင်ကြီးရွာနဲ့ အင်းမရွာက ဒေသခံတွေကတော့ ရွာထဲကို ပြန်လည်ဝင်ရောက်နေပြီလို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံတွေကြောင့် နိုင်ငံတဝှမ်း သေဆုံးသူဦးရေ ၄၁၅၄ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ကောလင်း #ဒေသခံ #စစ်တပ် #ပစ်သတ် #အရပ်သား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10