ကံပြားရဲစခန်း ဝင်စီးချိန် သတင်းပေါက်ကြားလို့ ဘားတိုက်တချို့ကိုသာ မီးရှို့ခဲ့

ကံပြားရဲစခန်း ဝင်စီးချိန် သတင်းပေါက်ကြားလို့ ဘားတိုက်တချို့ကိုသာ မီးရှို့ခဲ့

 မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကံပြားရဲစခန်းဝင်စီးချိန် ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး ရဲစခန်းဘားတိုက် တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ pdf တပ်ဖွဲ့ထံက သိရပါတယ်။

မနေ့က ဖေဖော်ဝါရီ ၈ ရက်နေ့ ည ၉ နာရီခွဲလောက်မှာ People's Defence Force-Salin ပူးပေါင်းတပ်ဖွဲ့ဟာ စလင်းမြို့နယ်ထဲက ကံပြားရဲစခန်းကို သိမ်းပိုက်ဖို့အတွက် သွားရောက်ပစ်ခတ်ခဲ့ပေမဲ့ သတင်းပေါက်ကြားသွားတဲ့အတွက် စခန်းသိမ်းနိုင်ခြင်း မရှိတော့ပဲ ဘားတိုက်တချို့နဲ့ စခန်းတချို့ကိုသာ မီးရှို့နိုင်ခဲ့တယ်လို့ မင်းဘူးခရိုင်တပ်ရင်း ၁ People's Defence Force-Salin တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

"ကျတော်တို့က အဲဒီကို လာတိုက်မယ်ဆိုတာ သတင်းပေါက်နေ‌တော့ သူတို့(စစ်ကောင်စီ) ဘက်က အင်အားထပ်ဖြည့်ထားတယ်။ ကျတော်တို့လည်း လူအင်အားနဲနဲနဲ့ အလစ်ဝင်တိုက်တာ ရဲစခန်းထဲကိုတော့ ဝင်လို့မရဘူး။ သူတို့ စနိုက်ဘာတွေနဲ့ ထောက်ထားတော့ ဒါပေမဲ့ ဘားတိုက်တွေ မီးလောင်သွားတယ်" လို့ ဆိုပါတယ်။

စလင်းကံပြား ရဲစခန်းဝင်စီးချိန် ပစ်ခတ်မှုမှာ ၁ နာရီခွဲနီးပါး ကြာမြင့်ခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ နီးပါး သေဆုံးသွားတယ်လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

"ကျတော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး။ သူတို့(စစ်ကောင်စီ)ဘက်က တော်တော်များများ ထိခိုက်ဒဏ်ရာရတာတွေများတာ့ စလင်းဆေးရုံက လက်မလည်ဘူးလို့ ကြားတယ်" လို့ ဆိုပါတယ်။

အခုလို ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပစ်ခတ်မှုကို မင်းဘူးခရိုင် တပ်ရင်း ၁ People's Defence Force-Salin ၊ မကွေးတပ်ရင်း (၁) ၊ ပွင့်ဖြူ (ပကဖ) နဲ့ မင်းဘူး (ပကဖ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ အဲဒီနေ့ည ၉ နာရီလောက်မှာပဲ စလင်းတပ်က ခလရ (၂၅၃)၊ (၂၅၄)၊ (၂၅၅) ကို ရှော့တိုက်ဒုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ ထိခိုက်သူများစွာရှိတယ်လို့လည်း ဆိုပါတယ်။

အခုလို ပစ်ခတ်မှုတွေ ဖြစ်ပွားနေတဲ့အတွက် စလင်း ၊ စေတုတ္တရာလမ်းပိုင်းကို ခရီးသွားပြည်သူအနေနဲ့ သွားလာခြင်း မပြုဖို့ကိုလည်း ပြောဆိုထားပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10