ကံမနယ်က အုပ်ချုပ်ရေးမှူးနဲ့ပျူခေါင်းဆောင် သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံး

ကံမနယ်က အုပ်ချုပ်ရေးမှူးနဲ့ပျူခေါင်းဆောင် သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံး

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကျောက်မဲရွာက ပျူခေါင်းဆောင်နဲ့ ငမဲကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်း Eagle Force တပ်ဖွဲ့ဆီက သိရပါတယ်။

ကျောက်မဲကျေးရွာနေ  ပျူခေါင်းဆောင် မျိုးမြင့်အောင်(ခ)ကြက်ကြော်ကို စစ်ကောင်စီတပ်က သေနတ်ထုတ်ပေးထားပြီး တော်လှန်ရေးတပ်ဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားတဲ့ သတင်းတွေကိုပေးနေတာကြောင့် ဖေဖော်ဝါရီ ၁၅ ရက် ည ၈ နာရီအချိန်ခန့်ကသူနေထိုင်ရာ နေအိမ်အတွင်း ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

"သူ့အိမ်ထဲမှာထိုင်နေတဲ့အချိန် ရှင်းခဲ့တာပါ။ ခေါင်းနဲ့ဝမ်းဗိုက်ကို တချက်စီပစ်ခဲ့တယ်။ နေရာမှာပဲ လဲကျသေသွားတယ် " လို့ Eagle Force အဖွဲ့ သတင်းတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

ပျူခေါင်းဆောင်ထံက လက်လုပ်ပစ္စတို ၁ လက်၊ ပွိုင့် 22 ကျည် ၈ တောင့်၊ လက်ကိုင်ဖုန်း ၁ လုံး၊ သက်သေခံကဒ်ပြား ၂ ခု၊ ကားသော့ ၁ ချောင်း၊ ငွေသား ၄၈၀၀၀ ကျပ်နဲ့ အိမ်ထောင်စုစာရင်း ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ အဲဒီနေ့ ည ၉ နာရီခန့်မှာပဲ ကံမမြို့နယ်၊ ငမဲကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအေးဇော်ကို ကျေးရွာအတွင်း အစည်းအဝေးလုပ်နေချိန်မှာ ဝင်ရောက် ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

"သူအစည်းအဝေးလုပ်နေတုန်း မထင်မှတ်ဘဲ ဝင်ရှင်းခဲ့တာပါ။ ဝမ်းဗိုက်ကို သေနတ်နဲ့ နှစ်ချက်ပစ်ခဲ့တယ်။ ပွဲချင်းပြီး သေသွားတယ်။ ပြည်သူတွေ ထိခိုက်တာ မရှိပါဘူး" လို့ သတင်းတာဝန်ခံကိုမြတ် ကပြောပါတယ်။

အုပ်ချုပ်ရေးမှူးအေးဇော် ဟာ ရွာသားတွေကို လက်နက်ခဲယမ်းလုပ်တယ်ဆိုပြီး စစ်သားတွေခေါ်ကာ ရိုက်နှက်ခိုင်းတာ၊ ကံမမြို့ပေါ် ဗုံးပေါက်ကွဲမူများမှာ ရွာသားတွေကို စွပ်စွဲတဲ့အတွက် ရွာသားအများစုမှာ ရွာကိုမပြန်ရဲဘဲ တိမ်းရှောင်နေကြရတာ၊ လောင်းကစားဝိုင်းတွေ ပြုလုပ်နေတာ၊  ပြည်သူတွေမတရားဖမ်းဆီးခံနေရတာတွေကြောင့် ရှင်းလင်းခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁၁ နာရီခွဲအချိန်ခန့်ကလည်း ကံမမြို့မှသရက်မြို့သို့ ဦးတည်လာနေတဲ့ စစ်သား ၈ ဦးခန့်ပါတဲ့ စစ်ကား ၁ စီးအား စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲတယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီဒေါက်တိုင်တွေကို တိုက်ခိုက်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်သရက်ခရိုင် အမှတ် ၄ တပ်ရင်း၊ ကျောင်းသားလက်ရုံးတပ်တော် SAF နဲ့ လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ WOLF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - မျိုးမြင့်အောင်(ခ)ကြက်ကြော်ထံမှ သိမ်းဆည်းရရှိခဲ့သည့် သက်သေခံပစ္စည်းများကို တွေ့ရစဥ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေး #အုပ်ချုပ်ရေးမှူး #ပျူခေါင်းဆောင် #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10