ကံမရွာက နေအိမ် ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမီးရှို့    ■ ကိုယ်ဝန်ဆောင်နဲ့ ရက်သားအရွယ်ကလေးငယ်အပါ ဖမ်းဆီခံရသူတွေလည်း ပြန်မလွတ်သေး

ကံမရွာက နေအိမ် ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမီးရှို့ ■ ကိုယ်ဝန်ဆောင်နဲ့ ရက်သားအရွယ်ကလေးငယ်အပါ ဖမ်းဆီခံရသူတွေလည်း ပြန်မလွတ်သေး

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကံမရွာကနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံတွေကိုလည်း ဖမ်းဆီးသွားခဲ့ကာ ဇန်နဝါရီ ၅ ရက်ဒီမနက်ပိုင်းထိ ပြန်မလွတ်ကြသေးဘူးလို့ မုံရွာဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။ 

ဖမ်းဆီးခံရသူတွေထဲမှာ ၁ လအရွယ်ကလေး ၁ ဦး၊ ကိုယ်ဝန်သည်အမျိုးသမီး ၁ ဦး၊ အသက် ၉၀ အရွယ် သက်ကြီးပိုင်းတချို့နဲ့ လူလတ်ပိုင်းအမျိုးသား၊ အမျိုးသမီးတွေပါဝင်ပြီး စုစုပေါင်း ၁၀၀ ဦးဝန်းကျင်လောက်ရှိတယ်လို့ ဆိုပါတယ်။ 

“ကလေးမွေးထားတာက ၁၄ ရက်လောက်ပဲရှိသေးတဲ့ အမျိုးသမီး ၁ ယောက်လည်းပါသွားတယ်။ မွေးခါနီးဗိုက်ကြီးသည်က ၁ ယောက်၊ ကုတင်ပေါ်မှာမဆင်းနိုင်တဲ့ အဖွား ၁ ယောက်ကိုလည်း ပွေ့ခေါ်သွားပြီးတော့ ကားပေါ်တင်သွားတာ။ ၉၀ ကျော်အဖိုးကြီးလည်းပါတယ်။ ယောကျာ်းလေးကို ဖမ်းသွားတာ၊ ဖမ်းပြီးတော့ အဲ့လူကိုပါးတွေနားတွေရိုက်တယ်။” လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ မုံရွာဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။ 

ဇန်နဝါရီ ၂ ရက်ည ၈ နာရီလောက်မှာ မုံရွာမြို့ပေါ်ကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကံမရွာထဲကိုဝင်ရောက်လာပြီးနောက် ည ၁၁ နာရီလောက်မှာ နေအိမ်တွေကို စတင်မီးရှို့ခဲ့ရာ နေအိမ် ၂၃ လုံး မီးလောက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

“တရွာလုံးပတ်ပတ်လည် ပိတ်ထားတယ်။ တံခါးပေါက်တွေကို ခြေထောက်နဲ့ကန်ပြီးတော့ ခုချက်ချင်း ထွက်ဆိုပြီးတော့ ဖွင့်ခိုင်းတယ်။ ထွက်ပြေးတဲ့သူတွေကိုလည်း အကုန်ဖမ်းတယ်။ နောက်ပိုင်း သောက်စားပြီးတော့ (မီး)ရှို့ရှို့ဆိုပြီး ရှို့ကြတော့တာပဲ။” လို့ အထက်ပါအမျိုးသမီးတဦးက ပြောပါတယ်။ 

အဲ့ဒီနောက် ဒေသခံတွေရဲ့ ရွှေထည်နဲ့ပိုက်ဆံတွေ၊ ဟိုက်ဂျက်ကား ၂ စီးနဲ့ ဆိုင်ကယ်တွေကိုယူကာ ည ၁၁ နာရီလောက်မှာတော့ ဒေသခံ ၁၀၀ ဝန်းကျင်ကိုဖမ်းခေါ်ပြီး မုံရွာမြို့ပေါ်ကို ခေါ်သွားခဲ့ကြတာလို့ ဆိုပါတယ်။ 

“လူတွေဖမ်းပြီးတော့ ဓာတ်မီးတွေနဲ့ ထိုးကြည့်တယ်။ လက်တွေရောထိုးကြည့်တယ်။ ပါတဲ့ နားကပ်တွေအကုန်ချွတ်၊ လက်စွပ်တွေလည်း အကုန်ချွတ်ခိုင်းတာ။ ပြီးတော့အကုန်လုံးသယ်သွားတာ။ ဆိုင်ကယ်တွေဆိုရင် ကလစ်တွေရော၊ စကူဘီတွေရော ပါတယ်။ ဆိုင်ကယ်တွေကိုတော့ စီးသွားတယ်။ ရွာထဲက တအိမ်တည်း ပဲ သိန်း ၁ ထောင်ကျော်ပါသွားတယ်။ အဲ့အိမ်ကလူတွေလည်း အကုန်အဖမ်းခံသွားရတယ်။” လို့ သူကဆက်ပြောပါတယ်။

အမျိုးသမီးတွေကို မုံရွာမြို့တော်ခန်းမထဲ၊ အမျိုးသားတွေကိုတော့ မုံရွာမြို့မရဲစခန်းထဲကိုခေါ်သွားပြီး ဒီနေ့အထိ အဲ့ဒီနေရာတွေမှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

လက်ရှိအချိန်ထိဒေသခံတွေလည်း စစ်ကောင်စီစစ်ကြောင်းပြန်ဝင်လာမှာစိုးရိမ်ပြီး ရွာထဲပြန်မဝင်ရဲကြသေးဘူးလို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။ 

မုံရွာမြို့နဲ့ ၃ မိုင်အကွာ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ ကံမရွာဟာ အခုလို မီးရှို့ခံရတာ ပထမအကြိမ်တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးဆိုကာ ကျေးရွာထဲကိုဝင်ရောက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #စစ်ကြောင်းထိုး #မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10