ကျဆုံးရဲဘော်တွေရဲ့ မိသားစုတွေကို MOD နဲ့ မိခင်တပ်ရင်းတို့က အိမ်အရောက်လိုက်လံ ထောက်ပံ့(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲမှာ အခြေစိုက်တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle guerrilla Force က ကျဆုံးရဲဘော်  ၅  ဦးရဲ့ ကျန်ရစ်တဲ့ မိသားစုတွေကို ဂုဏ်ပြုလက်မှတ်တွေနဲ့ ထောက်ပံ့ငွေတွေကို လိုက်လံပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) ပေးအပ်တာတွေကိုကိုယ်စားအနေနဲ့ ကျန်ရစ်သူတွေနေထိုင်ရာ နေအိမ်တွေအထိ ဇူလိုင်လ ၈ ရက်ကလိုက်လံ ပေးအပ်ခဲ့တာလို့ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်က ရဲဘော်သားကြီး (ခ) ထွန်းခန့်အောင် ကျဆုံးပြီး၊ ဇွန်လ ၂၅ ရက်မှာတော့ ရဲဘော်မောင်စစ် (ခ) ရဲဘော်ဇော်ထွန်းဝင်းကနဲ့ ဇွန်လ ၂၉ ရက်မှာတော့ ရဲဘော်ဟီးရိုး (ခ)ဆန်းနိုင်တို့ ကျဆုံးခဲ့တာပါ။

အလားတူ ဇူလိုင်လ ၂ ရက်မှာ ရဲဘော်ဝက်ကြီး (ခ) ဇင်မျိုးထက်နဲ့ ဇူလိုင်လ ၅ ရက်မှာ ရဲ‌ဘော်စိုးလေး (ခ) မြင့်နိုင်စိုးတို့ ထပ်မံကျဆုံးခဲ့တာလို့ ဆိုပါတယ်။

အဲဒီအထဲက ရဲဘော်သားကြီး ၁ ဦးသာ စဉ့်ကူးမြို့နယ်ထဲက တိုက်ပွဲမှာ ကျဆုံးတာဖြစ်ပြီး ကျန်တဲ့ ရဲဘော် ၄ ဦးကတော့ မတ္တရာမြို့နယ်ထဲက တိုက်ပွဲအသီးသီးမှာ ကျဆုံးခဲ့တာလို့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။

ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်တဲ့ မိသားစုတွေကို ဆက်လက်ကူညီသွားဖို့ စီစဉ်နေသလို ကျဆုံးသူတွေဟာ တိုင်းပြည်အတွက်ရော ဝက်လက်မြို့နယ်အတွက်ပါ အာဇာနည်ရဲဘော်တွေဖြစ်လို့  ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ဘူးလို့ သူကဆက် ပြောပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerrilla Force တပ်ဖွဲ့ဟာ ဝက်လက်မြို့နယ်အတွင်းသာမကပဲ စစ်ကိုင်း၊ ရွှေဘိုနဲ့  မန္တလေးတိုင်းထဲက မြို့နယ်တွေမှာပါ အခြားမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့  ပေါင်းကာ စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။ 

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10