သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၂၈ မှ ကျဆုံးတပ်ဖွဲ့ဝင် ၁ ဦးရဲ့ မိခင်ကို ရွှေထည်ပစ္စည်းတချို့ ဇန်နဝါရီ ၁၉ ရက်နေ့က ချီးမြှင့်ပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။
၂၀၂၂ ဒီဇင်ဘာ ၈ ရက်က ကျဆုံးခဲ့တဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အောင်ပိုင်စိုးရဲ့မိခင်ဖြစ်သူ ဒေါ်စိန်အေးကို ရွှေဆွဲကြိုး ၁ ကုံးနဲ့ နားဋောင်း ၁ ရံ (ကာလတန်ဖိုး ၄၈ သိန်းကျော်) ဝယ်ယူပေးခဲ့တာဖြစ်ပြီး သူတို့သားအမိ ၂ ဦးဟာ ချို့တဲ့တာကြောင့် တပ်ရင်းမှာပဲ နေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။
သားဖြစ်သူကျဆုံးသွားချိန်မှာလည်း ဒေါ်စိန်အေးကို တပ်ရင်းကနေ ဆက်လက်စောင့်ရှောက်ထားကာ တပ်ရင်းအတွက် လိုအပ်တာတွေ ချက်ပြုတ်ကျွေးမွေးနေတာကြောင့် ဓားမဆိုင်းတပ်ရဲ့မွေးစာအမေလို့ဆိုနိုင်ပြီး အခုလို ချီးမြှင့်ပေးခဲ့တယ်လို့ တပ်ရင်း ၂၈ တပ်ရင်းမှူး ဗိုလ်စွမ်းသူမောင် ကပြောပါတယ်။
ရွှေထည်ပစ္စည်းတွေချီးမြှင့်ရာမှာ ကျဆုံးတပ်ဖွဲ့ဝင်ရဲ့မိခင်ဖြစ်သူဒေါ်စိန်အေးအတွက် ပြည်သူကထောက်ပံ့ထားတဲ့ သိန်း ၂၀ ကျော်နဲ့ လိုအပ်ငွေကို တပ်ရင်းကထပ်မံဖြည့်စွက်ကာ ဝယ်ယူပေးခဲ့တယ်လို့ ဆိုပါတယ်။
ကျဆုံးတပ်ဖွဲ့ဝင်ရဲ့မိခင်ဒေါ်စိန်အေးအတွက် ဆရာဖြစ်သူဗိုလ်စွမ်းသူမောင်က ရွှေထည်ပစ္စည်း အမှတ်တရလုပ်ပေးချင်တယ်ဆိုတာကြောင့် ဝယ်ယူပေးခဲ့ပြီး ဒေါ်စိန်အေးကိုလည်း အားပေးစကားတွေ ပြောဖြစ်ခဲ့တယ်လို့ အညာပစ်တိုင်းထောင်အဖွဲ့ တာဝန်ခံ မဖူးပွင့်ဝေ ကပြောပါတယ်။
ဒေါ်စိန်အေးရဲ့သားဖြစ်သူ အောင်ပိုင်စိုးဟာ အသက် ၁၈ နှစ်အရွယ် ဆယ်တန်းကျောင်းသား ၁ ယောက်ဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာလ ၈ ရက်နေ့က ယင်းမာပင်နဲ့ ပုလဲနယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွါးချိန် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာလို့ သိရပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ယင်းမာပင် #မိခင် #ရဲဘော် #ချီးမြှင့်
Share Share Share