ကျဆုံးသူတွေကို ရည်စူးပြီး ဓားမဆိုင်းတပ်မတော်က သံဃာတွေကို ဝါဆိုသင်္ကန်းကပ်လှူ

ကျဆုံးသူတွေကို ရည်စူးပြီး ဓားမဆိုင်းတပ်မတော်က သံဃာတွေကို ဝါဆိုသင်္ကန်းကပ်လှူ

ကျဆုံးသူတွေကိုရည်စူးပြီး ဇူလိုင်လ ၂၆ ရက်မနေ့မနက်က သံဃာတော်တွေကိုဝါဆိုသင်္ကန်းကပ်လှူခဲ့တယ်လို့ ဓါးမဆိုင်းတပ်မတော်မှ တပ်ရင်းမှူးဗိုလ်စွမ်းသူမောင်က ပြောပါတယ်။

တိုက်ပွဲမှာသေဆုံးတဲ့ရဲဘော် ၃ ဦးအပြင် ရောဂါနဲ့သေဆုံးတဲ့ရဲဘော်တဦး၊ နိုင်ငံတဝန်းက ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးသူတွေကိုပါ ရည်စူးပြီး သံဃာတော် ၁၁ ပါးကို ၀ါဆိုသင်္ကန်းကပ်လှူခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာ အခြေစိုက်တဲ့ ယင်းမာပင်ခရိုင်တပ်ရင်း-၂၈ ဓားမဆိုင်းတပ်မတော်က ပြုုလုပ်ခဲ့တာပါ။

“ဂုဏ်ပြုဗိမ္မာန်နဲ့တော့ အားမရသေးဘူး တော်လှန်ရေးပြီးသွားရင် ဒီထက်ခမ်းခမ်းနားနား လုပ်ဖို့ရည်ရွယ်ထားပါတယ်။ လောလောဆယ်တော့ဗိမ္မာန်နားမှာ ပန်းခြံလုပ်ဖို့ရည်ရွယ်ထားပါတယ်။ တောင်ကုန်းပေါ်မှာ လွမ်းစေတီတည်ပြီးတော့ အာဇာနည်ကျောင်းတိုက်ပါတည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်" လို့ ဗိုလ်စွမ်းသူမောင်က ပြောပါတယ်။

ကျဆုံးရဲဘော်တွေရဲ့ ဓါတ်ပုံတွေကိုကြည့်တိုင်း အကိုတယောက်လို ဖခင်တယောက်လိုတာဝန်မကြေသလို ခံစားရတဲ့အတွက် အခုလို ဂုဏ်ပြုဗိမ္မာန်တည်ဆောက်ပေးတာလို့ သူကဆက် ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၉ ရက်က မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်တိုက်ပွဲမှာ အသက် ၄၂ နှစ်အရွယ် တပ်စိတ်မှူးမင်းဇော်(ခ)ဌက်ကြီး ကျဆုံးခဲ့ပြီး အဲဒီနှစ်ဒီဇင်ဘာလ ၈ ရက်မှာ အသက် ၃၁ နှစ်အရွယ်ရဲဘော်မိုးလင်း(ခ)တွေ့မရှောင်နဲ့ ဒီဇင်ဘာ ၉ ရက်မှာ အသက် ၁၈ နှစ်အရွယ် ရဲဘော်အောင်ပိုင်စိုးတို့ဟာ စစ်ကြောင်းတခုမှာ သေဆုံးခဲ့တာလို့ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ် ရဲဘော်သဲဝေဦး(ခ)ရဲဘော်သာလှကတော့ အခုနှစ်မေလ ၆ ရက်က အသည်းနဲ့အဆုတ်ရောဂါကြောင့် တပ်ဖွဲ့အတွင်း ဆေးကုသမှုခံယူရင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အဲဒီအထဲက ရဲဘော်မိုးလင်း(ခ)တွေ့မရှောင်ဟာ ဓါးမဆိုင်းတပ်ဖွဲ့ဝင်မဟုတ်ပဲ မိတ်ဆွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ခေါ်ဆောင်ပါက လိုက်လံတိုက်ခိုက်ပေးနေသူဖြစ်တယ်လို့ ဆိုပါတယ်။

ဓားမဆိုင်းတပ်မတော်က ဂုဏ်ပြုတဲ့အနေနဲ့သေဆုံးသူ ၄ ဦးကို ဇူလိုင်လ ၁၆ ရက်က ဂူဗိမ္မာန်တည်ဆောက်ပေးခဲ့တာလို့ ဆိုပါတယ်။

ဓါးမဆိုင်းအဖွဲ့ဟာ တိုက်ခိုက်ရေးတွေအပြင် ဒေသတွင်းစစ်ရှောင်တွေကိုလည်း လှူဒါန်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10