ကျည်ဆန်မလုံလောက်တဲ့အတွက် ၁ လကျော်ကြာသိမ်းထားတဲ့ ငါန်းမြာကြီးကို စစ်ကောင်စီလက်ထဲ ပြန်ပေးလိုက်ရ

ကျည်ဆန်မလုံလောက်တဲ့အတွက် ၁ လကျော်ကြာသိမ်းထားတဲ့ ငါန်းမြာကြီးကို စစ်ကောင်စီလက်ထဲ ပြန်ပေးလိုက်ရ

ကျည်ဆန်အင်အား မလုံလောက်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ၁ လကျော်ကြာသိမ်းထားတဲ့ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အနောက်ဘက်၊ ငါန်းမြာကြီးရွာကို အောက်တိုဘာ ၂၀ ရက် မနက် ၄ နာရီကျော်လောက်မှာ စစ်ကောင်စီက ပြန်လည်သိမ်းယူခဲ့တယ်လို့ CDSOM မြောက်ပိုင်းတိုက်ခိုက်ရေးဗိုလ်စင်္ကြာတပ်ဖွဲ့မှ ရဲဘော်စမာက ပြောပါတယ်။

ငါန်းမြာကြီးရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ် ၁၉ ရက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့သလို သေနတ် ၁၀ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တာပါ။

ဒါပေမဲ့ အောက်တိုဘာ ၁၀ ရက်မှာ စစ်ကောင်စီတပ်သားတွေဟာ ငါန်းမြာကြီးကို ပြန်လည်သိမ်းဖို့ ကြိုးစားခဲ့ပြီး ကာကွယ်ရေးအဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ 

အဲဒီနောက် အောက်တိုဘာ ၁၄ ရက်မှာလည်း ထိတွေ့ပစ်ခတ်မှုတွေဆက်လက်ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးအဖွဲ့တွေဘန်ကာအဖြစ်ယူထားတဲ့ နေရာတဝိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁ ဦး ကျဆုံးကာ ၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

အောက်တိုဘာ ၁၉ ရက် မနက် ၉ နာရီမှာတော့ ငါန်းမြာကြီးရွာတောင်ဘက် တမိုင်ကျော်အကွာအဝေးမှာရှိတဲ့ မိုးထောင်ရွာမှာ အင်အား ၁၀၀ ကျော် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့  အပြန်အလှန်ပစ်ခတ်မှု ၃ နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးတဝိုက်မှာ ကင်းပုန်းတွေ ဝပ်ထားသလို ငါန်းဇွန်မြို့ဘက်ကနေလည်း စစ်ကူတွေအများအပြားတက်လာခဲ့တဲ့အတွက် ကာကွယ်ရေးအဖွဲ့ဝင်တွေဟာ ငါန်းမြာကြီးကနေ ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

“သူတို့ (စစ်ကောင်စီ) ငါန်းမြာကြီးဘက်ကို ထွက်လာတဲ့အချိန် ကျနော်တို့ ကြားဖြတ်တိုက်သေးတယ်၊ မရဘူး။ ကျည်ကလည်း နည်းသွားတယ်။ အဲနေ့ကတိုက်တာ ရဲဘော် ၁ ယောက်ဆီမှာ ကျည်ကတဘောက်စာလောက်ပဲရှိ တော့တယ်။ အဲဒါကြောင့် ဆုတ်ခဲ့လိုက်ရတာ။” လို့ CDSOM မြောက်ပိုင်းတိုက်ခိုက်ရေးဗိုလ်စင်္ကြာတပ်ဖွဲ့က ရဲဘော်စမာ က ပြောပါတယ်။

တခြားသော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ရဲဘော်တွေဆီမှာလည်း ခုခံရုံလောက်သာ ကျည်ဆန်ကျန်ရှိပြီး လုံလုံလောက်လောက်မရှိဘူးလို့ သူက ဆက်ပြောပါတယ်။ 

 

၂၀ ရက် မနက်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်း ၃ ကြောင်း နဲ့ ကင်းပုန်းဝပ်ပြီး ငါန်းမြာကြီးရွာထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

လက်ရှိငါန်းမြာကြီးရွာထဲမှာ စစ်ကောင်စီတပ်သားတွေဟာအင်အား ၁၅၀ ဝန်းကျင်နဲ့ ပြန်လည်အထိုင်ချထားသလို ရွာပတ်ပတ်လည်ကိုလည်း နေရာယူထားတယ်လို့ ဆိုပါတယ်။ 

ငါန်းမြာကြီးရွာကဒေသခံတွေကတော့  တောတွေထဲမှာ စစ်ရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #ငါန်းဇွန်မြို့ #ငါန်းမြားကြီး #စစ်ကောင်စီ #CDSOM

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10