ကျည်လွဲ‌အဆောင်ကြိုးကွင်းဝတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

ကျည်လွဲ‌အဆောင်ကြိုးကွင်းဝတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ  လက်ပစ်ဗုံး‌‌ကိုင်ဆောင်ထားပြီး ကျည်လွဲအဆောင်ကြိုးကွင်းဝတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူမှာ အုတ်ဖိုမြို့နယ်၊ နှောကုန်းအုပ်စုအုပ်ချုပ်ရေးမှူး ကိုအောင်ဝင်း ဖြစ်ပြီး ဩဂုတ် ၁၉ ရက် ဒီကနေ့ မနက် ၆ နာရီလောက်က ၎င်းနေထိုင်တဲ့ အုန်းပင်စုရွာကနေ အုတ်ဖိုမြို့ဘက်ကို ဆိုင်ကယ်နဲ့ တဦးတည်းသွားချိန် အုန်းပင်စုရွာအနီး လမ်းမဘေးမှာ သေနတ်နဲ့ ၃ ချက်ပစ်သတ်ခဲ့တာလို့  ဆိုပါတယ်။

“ ကျနော်တို့ကို မြင်တော့ သူက ဆိုင်ကယ်ပေါ်ဆင်းပြီး ခြေလျင်ပြေးတာမှာ ၄ ချက်ပစ်တာ။ ဂုတ်ကို ၃ ချက်မှန်သွားတာ ပွဲချင်းပြီးပဲ။ သူ့ကိုရှင်းဖို့စောင့်နေတာ တလ‌‌ကျော်နေပြီ” လို့  မြေအောက်ပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲမှူး ရဲဘော်ဒေဝက မြေလတ်အသံကို ပြောပါတယ်။

ကိုအောင်ဝင်းဟာ အုတ်ဖိုမြို့မှာအနေများသူဖြစ်ပြီး ရွာကိုခေတ္တပြန်လာပြီးနောက် မြို့ကိုပြန်ချိန်မှာ စောင့်ဆိုင်းပစ်ခတ်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ပစ်ခတ်မှုအပြီး နာရီဝက်ကျော်အကြာမှာ အခင်းဖြစ်နေရာကို စစ်ကောင်စီလက်အောက်ရဲတပ်ဖွဲ့ဝင် ၁၅ ဦး ခန့် ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးရဲ့အလောင်းကိုစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး ကိုအောင်ဝင်း ဆီကနေ လက်ပစ်ဗုံး ၁ လုံး၊ ကျည်လွဲအဆောင် ၁ ခု၊ မှတ်ပုံတင်နဲ့  စစ်မှုထမ်းကောက်ခံဖို့အတွက် စာရင်းစာရွက်တွေကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ကိုအောင်ဝင်းဟာ စစ်ကောင်စီတပ်အမာခံဖြစ်သလို ဒေသခံအများစု အသုံးပြုနေတဲ့လမ်းတွေကို ဘူဒိုဇာသုံးကာဖျက်ဆီးခိုင်းတာ၊ PDF သတင်းကို ထောက်လှမ်းသတင်းပို့တာ၊ စစ်မှုထမ်းစု‌ဆောင်းတာတွေ ပြုလုပ်ခဲ့သူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်ကလည်း မင်းလှမြို့နယ်၊ ခွက်မအုပ်စု၊ ဇရစ်မြှောင်ရွာက လက်ပစ်ဗုံး‌‌ဆောင်တဲ့ ရာအိမ်မှူး ကိုထွန်းထွန်း ကိုလည်း မြေအောက်ပြောက်ကျားတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ - သေဆုံး အုပ်ချုပ်ရေးမှူးအလောင်း၊ သိမ်းဆည်းရမိ လက်ပစ်ဗုံး၊ ကျည်လွဲအဆောင်နှင့် ဆက်စပ်ပစ္စည်းများ။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #အုပ်ချုပ်ရေးမှူး #ပစ်ခတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10