"ကျနော့်မွေးချင်းတွေကတောင် ကျနော့်ကို မခေါ်ချင်တော့ ရင်ထဲတော့ နင့်ကနဲခံစားရတာပေါ့" (အင်တာဗျူး)

"ကျနော့်မွေးချင်းတွေကတောင် ကျနော့်ကို မခေါ်ချင်တော့ ရင်ထဲတော့ နင့်ကနဲခံစားရတာပေါ့" (အင်တာဗျူး)

လုပ်သက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ရဲတပ်ကြပ်ကြီးတဦးဟာ သူ့ဇနီးနဲ့အတူ မြိုင်ပကဖဆီကို လက်နက်ပါယူလာပြီး အလင်းဝင်လာခဲ့ပါတယ်။

မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ဦးအောင်ကိုဟာ စစ်ဆေးရေးဂိတ်တခုမှာ တာဝန်ကျနေချိန် အလင်းဝင်ဖို့ကြိုတင်ပြင်ဆင်ကာ ဇနီးဖြစ်သူပါခေါ်ပြီး BA 63 (G3) သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၂၅ တောင့်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

လက်နက်နဲ့အလင်းဝင်လာတာဖြစ်တဲ့အတွက် မြိုင်ပကဖ က ဆုငွေ သိန်း ၃၀ ချီးမြင့်ခဲ့ပါတယ်။

အာဏာသိမ်းစကတည်းက ရဲအလုပ်ကို စိတ်ပျက်လာခဲ့ပြီးနောက်မှာ CDM လုပ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မိသားစုအခြေအနေကြောင့် လုပ်ဖို့မလွယ်ကူခဲ့ဘူးလို့ဆိုတဲ့ ရဲတပ်ကြပ်ကြီး ဦးအောင်ကိုဟာ သူတာဝန်ပြန်ကျတဲ့ ဇာတိ မြိုင် ကိုအရောက်မှာ ဆွေမျိုးအသိုင်းအဝိုင်းတွေရဲ့ ဖယ်ကျဉ်ခံရတဲ့ဒဏ်ကို မခံစားနိုင်တဲ့ အဆုံးမှာ အလင်းဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

ရဲတပ်ကြပ်ကြီး ဦးအောင်ကို ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားတဲ့ အင်တာဗျူး အပြည့်အစုံကို ဆက်လက်ဖတ်ရှုရမှာပါ။

 

မေး။ အခုလို အလင်းဝင်ရတဲ့ ရည်ရွယ်ချက်။

ဖြေ ။ အလင်းဝင်ဖို့ ရည်ရွယ်တာတော့ ကြာပြီပေါ့၊ အကြောင်းကြောင်းနဲ့ မဝင်ဖြစ်ခဲ့ဘူးပေါ့၊ အဓိကကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တာပေါ့။ 

 

မေး ။ ဘယ်နယ်တွေမှာ တာဝန်ထမ်းဆောင်ခဲ့လဲ။

ဖြေ ။ ကျနော် ၉၈ ခုနှစ်မှာ ဆယ်တန်းအောင်ပြီးတော့ ကချင်မှာ နှစ် ၂၀ (ဗန်းမော်၊ ပူတာအို၊ မိုးမောက်)။ အဲ့ကနေ မကွေး အမှတ် ၂၅ လုံခြုံရေးတပ်ဖွဲ့ခွဲမှာ ၃ နှစ်။ အဲ့ကပြီးတော့ မကွေးတိုင်း မြိုင်နယ်မှာ တာဝန်ကျတယ်ပေါ့။ မြိုင်နယ်မှာ ဒီ ဒီဇင်ဘာဆို ၃ နှစ်ပြည့်မယ်ပေါ့နော်။ မြိုင်မြို့မရဲစခန်းမှာ ကျနော် ၃ နှစ်ပြည့်တော့ ၃ နှစ်အတွင်းမှာ ကျနော် ၆ နေရာပြောင်းခဲ့ရတယ်။ ကန်နီ၊ ဖလံကိုင်း၊ လက်ပံတို၊ ရေစကြို ၊ ပခုက္ကူ၊ ကိုင်းတောမ။

 

မေး။ ဘယ်ချိန်ကစပြီး ရဲတပ်ကြပ်ကြီးဖြစ်ခဲ့တာလဲ ။ 

ဖြေ။  ၂၀၁၃ မှာ ရဲတပ်ကြပ်ကြီး စဖြစ်တယ်၊ ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ(လိုင်ဇာဘက်ပေါ့)။

 

မေး ။ အာဏာသိမ်းတာကို သိလား၊ အာဏာစသိမ်းတော့ ဘယ်မှာရှိနေလဲ။

ဖြေ။ အာဏာသိမ်းမှုဆိုတာ အဲ့လောက်ကြီးကျ လက်လှမ်းမမီဘူး။ အာဏာ စသိမ်းတော့ ကျနော် နေပြည်တော်မှာရှိတယ်။ လုံခြုံရေးတာဝန်ယူ ထမ်းဆောင်နေတာ။ တပ်ရင်းတပ်ဖွဲ့ဆိုတော့ ဖုန်းကတော့ သုံးခွင့်ရှိတယ်။

 

မေး ။ အာဏာသိမ်းမှုကို သိသိချင်း ဘယ်လိုတွေးမိလဲ။

ဖြေ ။ ကျနော်တို့က တည်တည်ကြည်ကြည်နဲ့ ရဲတပ်ဖွဲ့ဖြစ်ချင်တာလေ။ ဒါပေမယ့် အခြေနေတွေ အချိုးတွေပြောင်းတော့ မပျော်တော့ဘူးပေါ့ဗျာ တပ်ဖွဲ့မှာ၊ အဲ့ဒီကစ မပျော်တာပဲ။

 

မေး။  သူများတွေ CDM လုပ်နေကြတာကိုကော သိရလား။ အဲ့ဒါကိုရော ဘယ်လိုနားလည်ထားလဲ။

ဖြေ ။  CDM ကို နားလည်ပါတယ်။ နားလည်တယ်ဆိုတာ ကျနော်ဒီဘက်မှာတာဝန်ထမ်းဆောင်တော့ ဟိုသွားဒီသွားနဲ့ ရုန်းထွက်ရခက်တယ်။ ကျနော့်မှာ မိသားစုရှိတယ်လေ။ ကျနော်ကတမြို့ မိသားစုကစခန်းထဲမှာ ဘာညာဆိုတော့ ဘယ်လောက်ကြီး ကြိုးစားကြိုးစား အခက်အခဲတခုက တော်တော်လေးကိုဖြတ်သန်းခဲ့ရပါတယ်။ အဲ့ဒီည သူ(ဇနီး)က စခန်းထဲမှာ ကိုယ်က ဂိတ်မှာ နောက်ပြီးတော့ လက်နက်ခဲယမ်းကိစ္စ အဲ့လိုလေးတွေ အရမ်းကြီးကို စွန့်စားခဲ့ရတာပေါ့။

 

မေး။ အခုအလင်းဝင်ဖို့အတွက် ဘယ်လိုဆုံးဖြတ်ချက် ချခဲ့ရလဲ။

ဖြေ။ ကျနော့်မွေးချင်းတွေကတောင် ကျနော့်ကို မခေါ်ချင်တော့ ရင်ထဲတော့ နင့်ကနဲခံစားရတာပေါ့။ အစပျိုးတာကတော့ အဲ့ဒါအစပဲ။ လမ်းတွေ့ရင်တောင်မှ နှုတ်မဆက်ရဲလောက်တဲ့ ဘဝရောက်သွားတော့ စိတ်ထဲတော့ နည်းနည်းညစ်သွားတာပေါ့။

 

 မေး။ အဲ့အချိန် CDM လုပ်ဖို့ မကြိုးစားခဲ့ဘူးလား။

ဖြေ ။ ကြိုးစားတာပေါ့ အကြိမ်ကြိမ်ပဲ။  

 

မေး။ အလင်းဝင်ဖို့ကြိုးစားချိန် ဘာအခက်အခဲ စိန်ခေါ်မှုတွေ ကြုံရလဲ။ 

ဖြေ။ ကျနော်က မြိုင်နယ်ဇာတိ၊ မြိုင်နယ်သားဖြစ်တဲ့အတွက် လူကြီးတွေရဲ့ ယုံကြည်မှုကတော့ မိုင်းနပ်စ်ပြတာပေါ့၊ မယုံကြည်တော့ဘူးပေါ့။  ဒီနယ်ဇာတိဆိုတော့ ကိုယ့်ဆွေမျိုးသားချင်းတွေ ထိခိုက်မှာ ဆုံးရှုံးမှာ ကျနော့်ရင်ထဲမကောင်းတဲ့ခံစားချက်၊ ဆားဗစ်စ်(လုပ်သက်)ကလည်း ၂၆နှစ်ကိုး။ ဒါပေမယ့် အတိုင်းအတာ တခုက လမ်းတွေ့ရင်တောင် နှုတ်မဆက်ရဲတဲ့ ဘဝမျိုးဆိုတော့ မခံစားနိုင်တော့ဘူး၊ ဒါတွေကတော့ ကြာခဲ့ပါပြီ။

 

မေး။ အရင်က ကာကွယ်ရေးအဖွဲ့တွေကို ရန်သူလို ဆက်ဆံရတယ်ပေါ့၊ အလင်းဝင်တော့ သူတို့က သတ်လိုက်မှာ အန္တရာယ်တခုခုပေးလိုက်မှာမျိုး ကြောက်စိတ်ရှိခဲ့ဖူးလား။ 

ဖြေ။ အဲ့လိုစိတ်တွေကတော့ အရွယ်နဲ့အမျှ မရှိတော့ဘူးလေ။ လူအားလုံးက သေမျိူးတွေပဲ။ တယောက်နဲ့တယောက် ယုံကြည်မှုနဲ့ တည်ဆောက်တာကိုး။ ကုန်ကုန်ပြောရရင် ဒီဘက်ကအဖွဲ့စည်းဆိုတာလည်း ကိုယ့်နယ်သူနယ်သား ကိုယ့်လုပ်သက်နဲ့အမျှ မွေးလာတဲ့ သားသမီးတွေဆိုတော့ တယောက်နဲ့တယောက် ယုံကြည်မှုနဲ့ပေါ့နော်။ တစုံတခုဖြစ်သွားခဲ့ရင်လည်း ဒါ ကျနော့်သမိုင်း ကျနော်ရေးတာပဲကိုး။ မသိတဲ့လူခပ်ရှားရှား၊ တစုံတခုဖြစ်ရင်လည်း ကျနော့်သမိုင်း ကျနော်ရေးတာပေါ့။

 

မေး။ ရဲစခန်းမှာနေတုန်းက အလင်းဝင်ရင် PDF ဘက်က သတ်ပစ်မယ်ဆိုတာမျိုးတွေ ပြောတာမျိုးရှိလား။

ဖြေ။ ရှိတာပေါ့ ။ ဒါပေမယ့် ကျနော်လည်း အတွေးအခေါ်နဲ့ ကျနော့်စိတ်ဓါတ်နဲ့ကျနော်။ ကျနော့် ပတ်ဝန်းကျင်ရှိတယ်၊ ကျနော့်နယ်လို့ ပြောပြီးပြီပဲ အရာအားလုံးက ကျနော်သိတာပေါ့။ စခန်းထဲနေတုန်းကတော့ ကိုယ့်ရဲ့ လွတ်လပ်ခွင့်ရှိတာဆိုတော့ သူတို့ဘာပြောပြော။ ပြောမှာပေါ့ အပြင်ထွက်ရင် ကာကွယ်ရေးအဖွဲ့တွေက သတ်မယ်ဖြတ်မယ် ဘာညာပေါ့။ မြိုင်နယ်က ကျနော့်ရဲ့ ဇာတိလည်းဖြစ်တာဆိုတော့ ကျနော့်ရဲ့ ယုံကြည်မှုနဲ့ ဆက်လျှောက်နေတဲ့အတွက် ဒါဆိုရင် ဥပမာတခု ရသွားတာပေါ့။ ဥပမာ တခုဆိုတာ သူတို့ပြောတာတွေ မဟုတ်ဘူး ဆိုတာပေါ့ ။

 

မေး။ အမျိုးသမီးကို ခေါ်ဖို့ရော ဘယ်လို စီစဉ်ထားလဲ။ 

ဖြေ။ ကြိုတင် စီစဉ်ထားရတာပေါ့ လိုင်းခန်းမှာနေတာဆိုတော့။ ကျနော်က မန္တလေးနဲ့ မြိုင်နဲ့သွားတဲ့လမ်းမှာရှိတဲ့ဂိတ်တခုမှာ တာဝန် ထမ်းဆောင်ရတယ်။ သူ့ကိုခေါ်ဖို့ မိုးထဲရေထဲပေါ့ သိတဲ့အတိုင်းပဲပေါ့၊ ရင်တွေခုန်စွာနဲ့ပေါ့၊ ရင်ခုန်စွာနဲ့ ကခဲ့ကြရတာ။ 

 

မေး။ ကာကွယ်ရေးအဖွဲ့ဆီရောက်တော့ မျှော်လင့်ထားတာနဲ့ ကိုက်ညီလား။ ရန်သူလို့တွေးထားသူတွေက ဘယ်လိုဆက်ဆံလဲ။

ဖြေ။ ကျနော့်နယ်သူနယ်သားတွေချည်းပဲလေ၊ ကျနော်ရောက်သွားတော့ အားလုံးက ကုန်ကုန်ပြောရရင် ညီအကိုသော်လည်းကောင်း တူရီးသော်လည်းကောင်း၊ ဆွေမျိုးတွေချည်းပဲ ဖြစ်ကုန်တာကိုး။ 

 

မေး။ လက်နက်ယူလာဖို့ ဘယ်လိုစဥ်းစားမိတာလဲ၊ ဆုကြေးကြောင့်လား၊ လမ်းမှာ ကာကွယ်ဖို့လား။ 

ဖြေ။ ဒါကတော့ ကျနော့်သမိုင်း ကျနော်ရေးတာပါ၊ ကျနော့်လက်နက်ကျနော် ဘယ်လိုပြောရမလဲ ဖြစ်နိုင်ရင်တော့ မယူချင်ဘူးပေါ့။ လိုအပ်ချက်နဲ့ အကြောင်းကြောင်းကြောင့် ယူတယ်လို့ပဲသဘောထားလိုက်ပါ။ လက်နက်မယူလည်း ဒီခေတ်စနစ်မှာ ရတာပဲ အဖမ်းအဆီးဘာညာတော့ရှိမယ်၊ လက်နက်ယူတဲ့အတွက်လည်း ကျနော်သူတို့ဆီက ဘာမှမျှော်လင့်လို့မဟုတ်ဘူး ကျနော့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ကျနော့်ဘဝကိုး။ 

 

မေး။ အလင်းဝင်တဲ့လမ်းမှာကော ဖမ်းခံရမှာ စိုးရိမ်မှုရှိလား။

ဖြေ။ အဲ့လိုတော့မရှိဘူး၊ မဖြစ်အောင်အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ အဲ့လောက်ထိမတွေးတော့ဘူး ဘာလို့ဆို ကျနော့်နယ်လို့ပြောပြီးပြီးပဲ။ 

 

မေး။ ရဲထဲနေတုန်းက ဘယ်လိုအမိန့်ပေးတာမျိုးတွေကြုံဖူးလဲ ၊ မီးရှို့ခိုင်းတာ လူသတ်ခိုင်းတာ ဖမ်းဆီးခိုင်းတာမျိုးတွေ ကြုံခဲ့ရဖူးလား။

ဖြေ။ ကျနော်က အထိုင်တပ်ကများတဲ့အတွက် လှုပ်ရှား မဟုတ်တဲ့အတွက်ကြောင့် မှန်သောစကားပြောတာ၊ အဲ့ဒါမျိုးတွေ ကြုံတွေ့မှု တခုမှ မရှိခဲ့ပါဘူး၊ အမိန့်ပေးတာလည်း ကျနော်တို့ ရဲတပ်ဖွဲ့မှာ မရှိပါဘူး။ 

 

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#အင်တာဗျူး #အလင်းဝင် #ရဲ #ရဲတပ်ကြပ်ကြီး #မြိုင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10