ကျောက်တံခါးနယ်က ပျူစောထီးဆိုသူ အသတ်ခံရ

ကျောက်တံခါးနယ်က ပျူစောထီးဆိုသူ အသတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ထဲမှာ ပျူစောထီးအမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၂၊ တပ်ခွဲ ၅ က မတ် ၉ ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

မင်းလှမြို့နယ်၊ မြို့ချောင်း - စိန်ကန့်လန့်  ရိုးမဖြတ်လမ်း မိုင်တိုင်အမှတ် ၂၀ မှာ ကျောက်တံခါးမြို့နယ်၊ ဖအိုရွာက ပျူစောထီး ကိုလှဦးကို မတ် ၆ ရက် ည ၁၁  နာရီခွဲလောက်က သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ရဲဘော်ရိုးမမြေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း ကိုလှဦး သတင်းပေးခဲ့လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က PDF ရဲဘော်တဦးဖမ်းဆီးခံရသလို လက်နက်ပစ္စည်းအချို့ သိမ်းဆည်းခံရတာတွေလည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။

ကိုလှဦးဟာ ကျောက်တံခါးမြို့နယ်က စစ်ကောင်စီထောက်တိုင် ကိုထွန်းထွန်းနိုင်ရဲ့ တပည့်ရင်းဖြစ်ပြီး ဒေသခံပြည်သူတွေနဲ့ပတ်သက်လို့ စစ်ကောင်စီထံမမှန်သတင်းပေး တိုင်ကြားခိုင်းတာ၊ မြို့ချောင်း- စိန်ကန့်လန့်လမ်းမှာ သွားလာနေတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာ နေသူဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မင်းလှမြို့နယ်ဟာ ပဲခူးတိုင်းအနောက်ခြမ်းမှာတည်ရှိပြီး အရှေ့ခြမ်းက ကျောက်တံခါးမြို့နယ်နဲ့  နယ်မြေထိစပ်နေတာလည်း ဖြစ်ပါတယ်။ 

မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ မတ်လအတွင်း နှစ်ဘက်ထိပ်တိုက်တွေ့ ပစ်ခတ်မှုတွေ နေ့စဉ်ဆိုသလို ရှိနေပြီး မတ် ၁၀ ရက် ဒီမနက်မှာလည်း စစ်ကောင်စီတပ်ဟာ အင်အား ရာဂဏန်းကျော်နဲ့ မင်းလှမြို့နယ်၊ ဟိုင်းယုရွာလမ်းဆုံမှာရှိနေတယ်လို့ ဆိုပါတယ်။  

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၉ ရက် နေ့လယ်လောက်ကလည်း မင်းလှမြို့နယ်၊ ရွှေဝါမြိုင်အုပ်စု အုပ်ချုပ်ရေးမှူး အသက် ၅၆ နှစ်အရွယ် ကိုမြင့်ဟန်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။ 

ပုံစာ - သေဆုံးသူ ကိုလှဦး၏ အလောင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မင်းလှ #ကျောက်တံခါး #ပျူစောထီး #ရှင်းလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10