ကျောက်ထု၊ စံတောင်တိုက်ပွဲမှာ စစ်သား ၂ ဦးသေပြီး လက်နက်ခဲယမ်းအချို့သိမ်းနိုင်ခဲ့

ကျောက်ထု၊ စံတောင်တိုက်ပွဲမှာ စစ်သား ၂ ဦးသေပြီး လက်နက်ခဲယမ်းအချို့သိမ်းနိုင်ခဲ့

မကွေးတိုင်း၊ ကျောက်ထုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်ညနေပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းနိုင်ခဲ့တယ်လို့ ယောကာကွယ်ရေးတပ်ဖွဲ့ - YDF ဆီက သိရပါတယ်။

အင်အား ၁၈၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ထုမြို့နယ်၊ စံတောင်အနီးကိုရောက်လာချိန် ညနေ ၅ နာရီလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ တိုက်ခိုက်ချိန် မိနစ် ၃၀ လောက်ကြာခဲ့တယ်လို့ ဆိုပါတယ်။ 

“စံတောင်ကုန်းပေါ်မှာ ကျနော်တို့ကအရင်နေရာယူထားတယ်။ သူတို့ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အရင်စပစ်တယ်။ ပြီးမှ ကျနော်တို့ပြန်ပစ်တယ်။ စစ်သားနှစ်ယောက် ရင်ဘတ်မှန်ပြီးလဲကျသွားတယ်။ ဒဏ်ရာရတာများပေမယ့် ၄ ယောက် ဒဏ်ရာရတာကိုပဲ အတည်ပြုပါတယ်" လို့ YDF ရဲ့ ဦးဆောင်သူက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးအခြေအနေတွေကို မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေရဲ့ မျက်မြင်တွေ့ရှိချက်အရ အတည်ပြုနိုင်ခဲ့တာလို့ဆိုပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

ဒါ့အပြင် စစ်ကောင်စီတပ်တွေဆီက ကျည်ဘောက်တခု၊ ကျည်ဆံတချို့၊ ၄၀မမ ဗုံးသီးတလုံးကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စံတောင်အနီးကို နယ်မြေရှင်းလင်းရေးဝင်တာလို့ ယူဆရပြီး၊ ကျောက်ထုအမြောက်တပ်နဲ့ ၃ မိုင်ခွဲလောက် ဝေးတဲ့အတွက်  စစ်ရေးဗျူဟာအရ အရေးပါတဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ YDF ဦးဆောင်တဲ့ ယောနကစစ်ကြောင်းနဲ့အတူ ဂန့်ဂေါခရိုင်တပ်ရင်း - ၉ တပ်ခွဲ - ၁ ယောချောင်းတပ်ခွဲနဲ့ ကျောက်ထု PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေ မရှိဘူးလို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက် နေ့လယ် ၁၂ နာရီလောက်မှာလည်း အင်အား ၁၃၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ YDF အပါ မဟာမိတ်တပ်ဖွဲ့တို့ စံရွာအနောက်တောင်ကြောမှာ ထိတွေ့မှုဖြစ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့ပါသေးတယ်။ 

 

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #ကျောက်ထု #စံတောင် #ထိတွေ့မှုဖြစ် #စစ်ကောင်စီ #သေဆုံး #လက်နက်ခဲယမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10