ကျောက်ပန်းတောင်းနယ်က စေတီတဆူ ဌာပနာဖောက်ခံရပြီး ရုပ်ပွားတော်နဲ့ပလ္လင်ပျက်စီး

ကျောက်ပန်းတောင်းနယ်က စေတီတဆူ ဌာပနာဖောက်ခံရပြီး ရုပ်ပွားတော်နဲ့ပလ္လင်ပျက်စီး

မန္တလေးတိုင်း၊ ကျောက်ပန်း‌တောင်းမြို့အရှေ့ဘက်ရှိ ကန်ပတ်လည်ကျေးရွာအုပ်စုက မုခ်လေးမုခ်ပါ စေတီတော်ရဲ့ ဌာပနာတိုက်ဖောက်ထွင်းခံခဲ့ရတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။ 

စက်တင်ဘာ ၁၁ ရက်ညပိုင်းမှာ မိုးသည်းထန်စွာရွာနေချိန် ဖောက်ထွင်းခံခဲ့ရတာဖြစ်ပြီး စေတီအရှေ့ဘက်မုခ်ထဲက အင်္ဂတေနဲ့ပြုလုပ်ထားတဲ့ အမြင့် ၃ ပေခန့်ရှိ ဗုဒ္ဓရုပ်ပွားတော်တဆူနဲ့ ပလ္လင်ပျက်စီးသွားတာလို့ ဆိုပါတယ်။

အဲ့ဒီစေတီအနီးမှာ ဘုန်းကြီးကျောင်းမရှိပေမယ့် ဒေသခံအချို့က ဖောက်ထွင်းနေတာကို အချိန်မီ သိရှိခဲ့တာကြောင့် လိုက်သွားချိန် ဖောက်ထွင်းသူတွေမရှိတော့ဘဲ ဌာပနာပစ္စည်းတွေလည်း ပျောက်ဆုံးတာမရှိခဲ့ဘူးလို့ မြို့ခံတဦးက ပြောပါတယ်။ 

လက်ရှိမှာ ဖောက်ထွင်းခံရတဲ့ ဌာပနာတိုက်ကို မှုလအတိုင်းပြန်လည်ပြုပြင်ထားပြီလို့လည်း သူကဆက် ပြောပါတယ်။  

အဲဒီစေတီတော်ကို အနီးဝန်းကျင်ရှိ လက်ပံအိုင့်၊ လဲဂွ၊ ကန်ပတ်လည်နဲ့ ဂွေးကုန်းကျေးရွာက အလှူရှင်တွေတည်ထားကြတယ်လို့ စေတီတော်ရှိမှတ်တမ်းတွေအရသိရပြီး စေတီတော်ရဲ့ သက်တမ်းကလည်း နှစ်ပေါင်း ၁၃၀ လောက်ရှိပြီလို့ ဒေသခံတွေရဲ့ပြောပြချက်ကို ကိုးကားပြီး အထက်ပါမြို့ခံက ပြောပါတယ်။  

ပြီးခဲ့တဲ့ ၈ နှစ်ခန့်ကလည်း အဆိုပါစေတီတော်ရဲ့ မြောက်ဘက်ကိုက် ၂၀၀ အကွာလောက်မှာရှိတဲ့ ငွေတွင်းတောင်စေတီရဲ့ ဌာပနာတိုက်လည်း ဖောက်ထွင်းခံရ‌သေးတယ်လို့ အထက်ပါမြို့ခံက ပြောပါတယ်။ 

ပုံစာ - ဌာပနာတိုက်ဖောက်ထွင်းခံရသည့် မုခ်လေးမုခ်ပါစေတီ။ (ဓါတ်ပုံ - လူမှုကွန်ယက်စာမျက်နှာမှ ကူးယူဖော်ပြသည်။)

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ကျောက်ပန်းတောင်း #မုခ်လေးမုခ်ပါစေတီ #ဖောက်ထွင်းခံရ #ဌာပနာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10