ကျောင်းပြန်ကလေးတွေကို စစ်တပ်က ရဟတ်ယာဉ်နဲ့လိုက်ပစ်

ကျောင်းပြန်ကလေးတွေကို စစ်တပ်က ရဟတ်ယာဉ်နဲ့လိုက်ပစ်

မကွေးတိုင်း၊ မြိုင်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ရဟတ်ယာဥ်သုံး ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၂၉ ရက် မနေ့ကမနက် ၁၁ နာရီကျော်လောက်မှာ မုံရွာ နမခကတက်လာတဲ့ Mi 35 ရဟတ်ယာဥ်တစီးဟာ ကန်ကြီးရွာနဲ့ အုတ်ဖိုရွာဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကန်ကြီးရွာက ဒေသခံ အမျိုးသားတဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုတိုက်ခိုက်နေချိန်အတွင်း ကန်ကြီးရွာအနီးကစာသင်ကျောင်းကနေ အိမ်ပြန်တဲ့ ကျောင်းသားတွေကိုလည်း စစ်ကောင်စီတပ်သားတွေကတွေ့ပြီး ရဟတ်ယာဥ်ပေါ်ကနေ ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

"လေယာဉ်က တခြားရွာကိုပစ်တာ။ အကုန်လုံးကလန့်ပြီးတော့ ကိုယ့်ရွာကိုယ်ပြန်ကြတာ၊ တချို့ကလည်း ပြန်လို့မရတဲ့အခါကျတော့ သူများအိမ်တွေလိုက်သွားတာ။ ဆိုင်ကယ်တွေက တန်းစီပြီးတော့သွားတာကို လေယာဉ်က မြင်ပြီးတော့ပစ်တာ။ ကျောင်းသားတယောက်ကတော့ ဆိုင်ကယ်လဲသွားတယ်” လို့ ကျောင်းကနေ ထွက်ပြေးလာသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ အခုလိုပစ်ခတ်တာနဲ့ပတ်သက်ပြီး နောက်ထပ်ဒေသခံတဦးကလည်း အခုလိုပြောပါတယ်။

"ဘာမှအပြစ်မရှိတဲ့ ကလေးငယ်တွေကို လေယာဉ်နဲ့ ပိတ်ပစ်တာတော့ ယုတ်မာလွန်းတယ်။ အဲ့လိုတွေမဖြစ်အောင် ကလေးတွေကိုကာကွယ်ပေးဖို့ ဘယ်သူတွေမှာတာဝန်ရှိလဲ၊ တာဝန်ရှိတဲ့ သူတွေကို သိစေချင်တယ်၊ ကလေးတွေလုံခြုံရေးအတွက် တတ်နိုင်သရွေ့ တာဝန်ယူပေးစေချင်တယ်” လို့ ကန်ကြီးရွာဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီရဟတ်ယာဉ်ဟာ တရက်တည်းမှာပဲ နဂါးဗွတ်ရွာနဲ့ ကုန်းပလူရွာကြား (ဒေသအခေါ်) ဇရပ်နီတောတိုက်စတဲ့‌ နေရာ‌တွေကို လေကြောင်းပစ်ခတ်မှု ၃ ကြိမ်တိတိ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးမှုအခြေအနေကို မြေလတ်အသံက ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။

လက်ရှိမှာတော့ လေကြောင်းပစ်ခတ်မှုပြုလုပ်သွားတဲ့နေရာ အနီးတဝိုက်ရှိ စာသင်ကျောင်းတွေကို ပိတ်ထားရတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ဇူလိုင် ၇ ရက်ကလည်း မြိုင်မြို့နယ်တောင်ပိုင်း၊ တွင်းမကျေးရွာအုပ်စုရှိ ပျူစောထီးစခန်းက စစ်ကောင်စီနဲ့ ပျုစောထီးတပ်သားတွေဟာ အိုရင်းရွာက အသက် ၃၀ ဝန်းကျင် အမျိုးသမီး ၁ ဦးကို  အဓမ္မပြုကျင့် သတ်ဖြတ်ကာ နေအိမ် ၂၇ လုံးဝန်းကျင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၂၀ ကျော်ကိုလည်း ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသေးတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ၄ လတာကာလအတွင်း နိုင်ငံတဝှမ်း စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် အရပ်သားအစုအလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်စဉ် အနည်းဆုံး ၂၃ ခုမှာ စုစုပေါင်း ၁၆၈ ဦးသေဆုံးခဲ့တယ်လို့ ဥာဏ်လင်းသစ် သုသေသနအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

ပုံစာ- ဆားလင်းကြီးမြို့နယ် တနေရာမှ လေကြောင်းတိုက်ခိုက်မှု( ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #လေကြောင်းတိုက် #စစ်ကောင်စီ #ထိခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10