ကျောင်းသားဘဝ ၁၉ ဇူလိုင်အမှတ်တရ (အက်ဆေး)

ကျောင်းသားဘဝ ၁၉ ဇူလိုင်အမှတ်တရ (အက်ဆေး)

မေလဆန်းပိုင်း ကျောင်းတွေပြန်ဖွင့်တဲ့ ၁၉၈၇ ခုနှစ်မှာ မူလတန်းကျောင်းသားဘဝကနေ အလယ်တန်း ကျောင်းသားအဖြစ် မြို့ပေါ်ကျောင်းကို စပြီးတက်ရောက်ခဲ့ရတယ်။

ကျောင်းအပ်ပြီးတာနဲ့ တပတ်ခန့်အကြာမှာပဲ အလယ်တန်းကျောင်းသားဘဝကို မဝံ့မရဲနဲ့တက်ရောက်ခဲ့ရတယ်။ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူ မရင်းနှီးသူတွေကြားမှာ စာပေသင်ကြားရင်း အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးခဲ့တာ ရက်မှလအထိ တိုင်ပါ။

အဲဒီလိုနဲ့ပဲ မိုးဦးကာလအလယ်ပိုင်း "၁၉ ဇူလိုင် မမေ့နိုင်" ဆိုတဲ့နေ့မှာ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်စွန့်ကာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အောက်မေ့သတိရတဲ့အနေနဲ့ ဦးညွတ်အလေးပြုဖို့ ကျနော်တို့ ကျောင်းသားကျောင်းသူတွေ တရက်ကြိုကာ ပြင်ဆင်ရပါတော့တယ်။

ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာ၊ ဆရာများတွေရဲ့ ကြီးကြပ်မှုနဲ့အတူ အာဇာနည်နေ့အခမ်းအနားအတွက် ပန်းခွေတွေကို တယောက်တလက် ကျောင်းသားလက်ဆိုသလို ဝိုင်းဝန်းပြင်ဆင်ခဲ့ကြပါတယ်။

ဆရာနဲ့ ကျောင်းသားတွေက ဝါးတွေဝယ်ယူ၊ ဝါးတွေ ခွဲခြမ်းစိတ်ဖြာကာ ပန်းခွေ ပုံဖော်နေကြသလို ဆရာမနဲ့ ကျောင်းသူတွေကလည်း စိန်ခြယ်၊ စံပယ်၊ ဇော်စိမ်း၊ ဇော်ကြား၊ နှင်းဆီ၊ ဇီဇဝါ၊ ပန်းတိမ်မနိုင်၊ မေမြို့၊ ဂန္တမာ အစရှိတဲ့ ပန်းမျိုးစုံကို ရေနဲ့ဆေးကြောပြီး လိုအပ်သလို ဖြတ်တောက်လို့ ဝါးပန်းခွေမှာ အလှဆင်ကြတယ်။ 

ကျောင်းသား/သူတွေထဲက ပန်းချီဝါသနာရှင်တွေကလည်း အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ပုံတူတွေ၊ နာမည်တွေရေးဆွဲကြ၊ ဒီဇိုင်းပုံစံတွေရေးဆွဲပြီး ဝါးကိုင်းခွေကာ ပုံဖော်နေသူကဖော်၊ ဆိုင်းဘုတ်ရေးသူကရေး၊ ပန်းမျိုးစုံ အလှဆင်သူက ဆင်နဲ့ အလုပ်တွေ ကိုယ်စီနဲ့ပါ။

ကျောင်းသားကျောင်းသူတွေ အလုပ်တာဝန်တွေပြီးတာနဲ့ တူညီဝတ်စုံတွေဝတ်ပြီး မနက် ၇ နာရီမှာ ကျောင်းကိုအရောက်လာကြဖို့ အတန်းအလိုက် ဆရာ/မ တွေက ပြောဆိုပြီး ကျောင်းဆင်းခဲ့ကြတယ်။

နောက်ရက်ဟာ ဇူလိုင်လ ၁၉ ရက်ဖြစ်ပြီး တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရဝပြုရမယ့် နေ့တနေ့။

မနက်ခင်းမိုးသောက်ယံကတည်းက ကောင်းကင်ထက်မှာ မိုးသားတွေက အုံ့မှိုင်းညို့ဆိုင်းလို့ အခုရုတ်ချည်းပင် ရွာချတော့မယ့် မိုးအသွင်နဲ့။

ကျောင်းဝန်းအတွင်းမှာလည်း ဆရာ၊ ဆရာမတွေ ကျောင်းသားကျောင်းသူတွေ အဖြူရောင်အင်္ကျီအစိမ်းရောင် လုံချည်တွေနဲ့ လွမ်း သူ့ပန်းခွေတွေ၊ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ဓာတ်ပုံတွေကို ကိုင်ဆောင်ပြီး တန်းစီ နေရာယူနေကြပြီ။

အဲဒီနောက် မနက် ၉ နာရီအချိန်မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ဓာတ်ပုံ၊ လွမ်းသူ့ပန်းခွေတွေကို ကိုင်ဆောင်ပြီး ကျောင်းမှ ၁ မိုင်ခန့်အကွာအဝေးရှိ အာဇာနည်ကျောက်တိုင်ကို ချီတက်ခဲ့ပါတော့တယ်။

မြို့အလယ်ရှိ အာဇာနည်ကျောက်တိုင်မှာလည်း မီးရောင်စုံများထွန်းကာ အာဇာနည်ခေါင်းဆောင် ၉ ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအုန်းမောင်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း၊ ဦးရာဇာတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ရဲဘော်ကိုထွေး တို့ရဲ့ဓာတ်ပုံတွေကို ချိတ်ဆွဲထားလေရဲ့။

သိပ်မကြာခင်မှာပဲ တခြားကျောင်းတွေကလည်း အာဇာနည်ကျောက်တိုင်ဘေးပတ်လည်မှာ နေရာယူပြီးနောက် ရဲတပ်ဖွဲ့ဝင်ယူနီဖောင်းဝတ်ထားသူတွေထဲက တဦးရဲ့အမိန့်ပေးသံတခု ထွက်ပေါ်လာတော့တယ်။

"အားလုံးရှေ့ကြည့်၊ အားကြလုံးသတိ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံအားအလေးပြု၊ နေမြဲ၊ ကျဆုံးလေ ပြီးသော အာဇာနည်ခေါင်ဆောင်ကြီးများအား အလေးပြု” စတဲ့အမိန့်ပေးသံနဲ့အတူ  ကျနော်တို့တွေ ဦးညွတ် အလေးပြုခဲ့ကြပါတယ်။

အလားတူ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ၁ မိနစ်ငြိမ်သက်လို့ ဂါရဝပြုခဲ့ကြတာကို အမှတ်ရနေမိတယ်။

ကျနော်တို့ကျောင်းသားတွေ အမှတ်တရ လွမ်းသူပန်းခွေတွေကိုလည်း အာဇာနည်ကျောက်တိုင်မှာ နေရာတကျ ချထားလို့ ဂါရဝပြုရင်း ကျောင်းဆီသို့ ပြန်ခဲ့ပါတော့တယ်။

ဆရာ၊ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ အားလုံး ကျောင်းကိုရောက်ပြီး အလံတိုင်ကွင်းမှာ နေရာပြန်ယူ ကြရသလို အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦး လုပ်ကြံသတ်ဖြတ်ခံရတဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ မြို့နယ်မီးသတ်ရုံးရှိ ကားတွေက ဥသြသံတွေဆဲကာ လွမ်းဆွတ်သတိရတဲ့အနေနဲ့ ဂုဏ်ပြုခဲ့ကြတာ အစဥ်အလာတခုပါ။

အဲ့ဒီလို ဥသြသံရှည်ဆွဲတဲ့အချိန်မှာ ဘယ်လိုနေရာမှာမျိုးမှာမဆို ရောက်ရှိနေကြတဲ့ မြန်မာပြည်သူ ပြည်သား တွေမှာ အနှေးယာဥ်၊ အမြန်ယာဥ် အားလုံးရပ်တန့်ခဲ့ကြသလို လုပ်ငန်းခွင်နဲ့ ခရီးသွားပြည်သူတွေကလည်း ရောက်လေရာနေရာမှာ ရပ်တန့်ငြိမ်သက်ကာ ဦးညွတ်လို့ အာဇာနည်ခေါင်း ဆောင်ကြီးများကို ဂုဏ်ပြုလို့ ရှိနေခဲ့တာပါ။

ကျနော်တို့ ကျောင်းသားလူငယ်ဘဝကအစပြုလို့ အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးကို အာဇာနည်နေ့ဖြစ်တဲ့ ဇူလိုင်လ ၁၉ ရက်ရောက်တိုင်း ဦးညွတ်ဂါရဝပြုတဲ့ အလေ့အထတွေကို စစ်တပ်အုပ်ချုပ်တဲ့ နဝတ၊ နအဖ လက်ထက်စပြီး ဦးညွတ်ခွင့်က တဖြည်းဖြည်း ဆိတ်သုဥ်းလာပါတော့တယ်။

ယခု စစ်ကောင်စီအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာလည်း တိုင်းနဲ့ပြည်နယ် အနှံ့အပြားမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေ၊ ဆရာ ဆရာမအများစုဟာ ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်တဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လွမ်းသူ့ပန်းခွေချ အလေးပြုတာကို ခမ်းနားထည်ဝါစွာ လုပ်ကိုင်ဖို့ဆိုတာ ဝေးလေစွလို့ ဆိုရမလို ကျောင်းသားဘဝ ၁၉ ဇူလိုင်နေ့ကိုသာ အမှတ်တရ ရှိနေပါတော့တယ်။

#မြေလတ်အသံ

#အာဇာနည်နေ့ #ဇူလိုင်၁၉ #၁၉ဇူလိုင် #အက်ဆေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10