သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်နဲ့ ဇီးကုန်းမြို့နယ်အစပ် ပဲခူးရိုးမအနီးက ဘော်ဘင်ရေလောင်တမံနားမှာရှိတဲ့ သင်္ခရိုင်ပရဟိတကျောင်းကို စစ်အုပ်စုက ထပ်ပြီးစစ်ကြောင်းထိုးဝင်လာတဲ့အတွက် ကျောင်းမှာရှိသမျှလူ အားလုံးနီးပါး ထွက်ပြေးခဲ့ရတယ်လို့ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁ ရက် ဒီနေ့မနက် ၆ နာရီလောက်မှာ ဘော်ဘင်ရေလှောင်တမံနားက ရွာတရွာဖြစ်တဲ့ ဘော်ဘင်ရွာကနေ အင်အား ၁၃၀ ကျော်ပါတဲ့ စစ်အုပ်စုက သင်္ခရိုင်ပရဟိတကျောင်းကို ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။
ဘော်ဘင်ရွာနဲ့ သင်္ခရိုင်ရွာ ပရဟိတကျောင်းက တမိုင်ခန့်သာဝေးပြီး ၂ ရွာလုံးက ဘော်ဘင်ရေလှောင်တမံနဲ့ ကပ်လျက်ရှိတဲ့ ရွာတွေဖြစ်ပါတယ်။
“ဒီမနက်အစောကြီး တိုက်ရိုက်ဝင်လာတယ် ကျနော်တို့နဲ့ အင်အားမမျှတော့ နောက်ဆုတ်ပြီး ဒီကလေးတွေကို အရင်ဆုံးထွက်ခိုင်းရတယ်၊ ကျောင်းထဲမှာကျန်ခဲ့တာဆိုလို့ ဘုန်းကြီးအိုတွေနဲ့သက်ကြီးရွယ်အိုတွေပဲ ကျန်ခဲ့တယ်၊ သင်္ခရိုင်ကျောင်းမှာ သူတို့က တပ်အထိုင်ချမယ့်သဘောရှိတယ်”လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ဝင် ကိုတေဇမင်းက ပြောပါတယ်။
အဲ့ဒီစစ်ကြောင်း မရောက်ခင်မှာပဲ သင်္ခရိုင်ပရဟိတကျောင်းထဲမှာရှိတဲ့ ကျောင်းသား/ကျောင်းသူ၊ ကိုယ်ရင်၊ သီလရှင်အပါ ၁၀၀ နီးပါး ထွက်ပြေးရပြီး အသက်ကြီးပိုင်းဘုန်းကြီးတချို့ နဲ့ အဖိုးအဖွားတချို့သာ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီစစ်ကြောင်းဟာ အောက်တိုဘာ ၂၈ ရက်ကလည်း အေးရွာလေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ အဲ့ဒီရွာမှာပဲ ၁ ညအိပ်စခန်းချခဲ့ပြီး နောက်နေ့မနက်မှာ သင်္ခရိုင်ပရဟိတကျောင်းထဲကို ဝင်ရောက်လာခဲ့ဖူးတဲ့စစ်ကြောင်း ဖြစ်ပါတယ်။
အဲ့ဒီအကြိမ်ဝင်လာတုန်းက ကျောင်းထဲက ထမင်းဟင်းချက်တဲ့သူတွေကို တိုင်တွေမှာကြိုးတွေနဲ့ ချည်ကာဖမ်းဆီးထားပြီး ကျောင်းသား/ကျောင်းသူတွေကိုတော့ စစ်သားတွေအနားမှာ ဖမ်းဆီးထားခဲ့တာလို့ ဆိုပါတယ်။
ရှောင်လာသူတွေရဲ့ ပြောပြချက်အရ စစ်သားတွေက သူတို့နားမှာ ခေါ်ထားတဲ့ ကျောင်းသူတွေကို အတင်းခေါ်ထားတာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ချင်တဲ့ သဘောလုပ်ဆောင်ခဲ့ကြတယ်လို့ ကိုတေဇမင်းက ပြန်ပြောပြပါတယ်။
အဲ့တာကြောင့် ဒီနေ့မနက် စစ်သားတွေ ကျောင်းထဲမရောက်ခင်မှာပဲ ကျောင်းသူ အမျိုးသမီးငယ်လေးတွေကို ဦးစားပေးပြီး ရှောင်ခိုင်းခဲ့ရတယ်လို့ ဆက်ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ဇီးကုန်းနဲ့ ကြို့ပင်ကောက်မြို့နယ်အစပ် ပဲခူးရိုးမအခြေမှာ စစ်ကြောင်းထိုးတာဖြစ်ပြီး အောက်တိုဘာ ၂၅ ရက်ကလည်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဥယျာဉ်ကြီးရွာထိပ်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေလည်း ရှိခဲ့ပါသေးတယ်။
ပုံစာ - စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#ပဲခူး #ဇီးကုန်း #စစ်ကြောင်းထိုး #စစ်ရှောင်
Share Share Share