သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ထိုင်း-မြန်မာနယ်စပ်မျဉ်းနားက မူကြိုကျောင်းကလေးတကျောင်းမှာ မြန်မာပြည်တနံတလျားကနေ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလာကြတဲ့ တိုင်းရင်းသားပေါင်းစုံကလေးငယ်တွေနဲ့အတူ ကျမသားဖြစ်သူလည်း တက်ရောက်ပညာသင်ကြားနေပါတယ်။
အဲဒီကျောင်းမှာ ကစားကွင်းအသေးလေးတခုရှိတယ်။ ဒါန်းရယ်၊ လျှောရယ်၊ ချိတ်တက်လို့ရတဲ့ သံဘားတန်းတွေရယ်၊ နောက်ပြီးတော့ မြေကွက်လပ် ခပ်ကျဉ်းကျဉ်းလေးတခုရယ်။
ကျောင်းဆင်းချိန်နဲ့ မိဘတွေလာမကြိုခင် ကြားအချိန်လေးမှာ မူကြိုကလေးလေးတွေဟာ အဲ့ဒီကစားကွင်းလေးမှာ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားကြတယ်။
ဒါန်းစီးသူက စီး၊ လျှောစီးသူက စီး၊ ချိတ်တက်သူက တက်နဲ့ ပြေးပြေးလွှားလွှားကစားနေတဲ့ သူတို့တွေရဲ့ အပူအပင်ကင်းမှုကို အတိုင်းသားတွေ့ရတယ်။
ပညာသင်နှစ် နှစ်ဝက်လောက်ရောက်တော့ အဲ့ဒီမြေကွက်လပ်လေးမှာ ကလေးတွေ ကစားဖို့အတွက် ချောင်းသဲတွေဖြည့်ပေးတယ်။ ကစားစရာ သဲတင်ကားတွေ၊ မြေကော်ကားလေးတွေ ချပေးထားတယ်။
သားကို ကျမသွားကြိုတိုင်း အဲဒီသဲကွင်းလေးမှာ သူကစားနေလေ့ရှိတယ်။ ရေသန့်ဘူးခွံထဲကို သဲတွေ ဖြည့်နေတာမျိုးဖြစ်စေ၊ မောင်းပြန်ချလို့ရတဲ့ သဲတင်ကားလေးပေါ်ကို ဘက်ဖိုးကားလေးနဲ့ သဲတွေ ကော်ထည့်တာမျိုးဖြစ်စေ၊ သဲတဆုပ်ကြီးကိုင်ပြီး အမြင့်ကနေ ဖြည်းဖြည်းချင်း လွှင့်ချတာမျိုးဖြစ်စေပေါ့။
နောက်ပိုင်းမှာ သားကျောင်းက ပြန်လာတိုင်း သူ့ကျောင်းအင်္ကျီ အိပ်ကပ်ထဲမှာ ခရုခွံမာမာလေး တခွံစ၊ နှစ်ခွံစ ပါလာတတ်တာကိုတွေ့ရတယ်။ အစောပိုင်းမှာ သတိမထားမိဘူး။ တခါတလေ သူ့ကျောပိုးအိတ်ရဲ့ ဇကာကွက် ဘေးအိတ်လေးထဲမှာ တွေ့ရတယ်။ တခါတလေ ကျောင်းဘောင်းဘီ အိတ်ကပ်ထဲမှာတွေ့ရတယ်။
ကလေးမို့ ခရုခွံတွေ့လို့ ကောက်ထည့်လာတယ်လို့ပဲ ခပ်ပေါ့ပေါ့တွေးထင်ခဲ့တယ်။ ကျောင်းဝတ်စုံလျှော်တိုင်း သူ့အိပ်ကပ်ထဲက ထွက်လာတဲ့ ခရုခွံလေးတွေကို ၃ ကြိမ်ထက်မနည်းတွေ့တော့မှ သူတကူးတက ကောက် ကောက်လာတဲ့ ခရုခွံလေးတွေပဲ၊ ဒါက ပုံမှန်မဟုတ်ဘူးဆိုတာ သတိထားမိလာတယ်။
အဆော့မက်လို့ ထိန်းရခက်တဲ့အရွယ် ကျမသားဖြစ်သူကို နေ့တိုင်းမဟုတ်ပေမယ့် တချို့ရက်တွေမှာ ညအိပ်ယာဝင်ချိန် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတဲ့ သီချင်းသံစဉ်တီးလုံးလေးတွေကို ခပ်တိုးတိုးဖွင့်ပြီး သိပ်လေ့ရှိတယ်။
တနေ့မှာ သားက ခေါင်းအုံးပေါ် မျက်နှာအပ်ပြီး ကြိတ်ကြိတ်ငိုတယ်။ ခဏနေတော့ ရှိုက်ကြီးတငင် ငိုတယ်။ မအိပ်ချင်သေးတာကို အတင်းအိပ်ခိုင်းလို့ ငိုတယ်ထင်ပြီး ချောမော့ဖျောင်းဖျ သိပ်ရင်းနဲ့ပဲ မျက်ရည်တွေနဲ့ အိပ်ပျော်သွားတယ်။
တချို့ရက်တွေမှာ ကျမက သီချင်းဆိုသိပ်ပေမယ့် သူက မဆိုနဲ့လို့တားပြီး တဖက်လှည့် အိပ်သွားတတ်တယ်။ ငိုတဲ့ရက်တွေက ပိုများတယ်။
သီချင်းသံစဉ်လေးတွေဖွင့်တဲ့ရက်တိုင်းမှာ သူမျက်နှာမကောင်းတာ၊ ငိုတတ်တာကို သူ့အဖေက စပြီး သတိထားမိတယ်။ “သူ အိမ်ကို သတိရနေတာ” လို့ ကျမကို ခပ်တိုးတိုး၊ မျက်ရိပ်မျက်ခြည်နဲ့ ပြောပြတယ်။
နောက်ပိုင်းမှာ ညအိပ်ယာဝင်ခါနီး သီချင်းတီးလုံးဖွင့်ရင် သူအတင်းငြင်းတယ်၊ တားတယ်။ သူ့ဘာသာ အိပ်မယ်၊ သီချင်း မဖွင့်နဲ့လို့ သူတောင်းဆိုတယ်။
ပုံမှန်အားဖြင့် ပျော်ပျော်ရွှင်ရွှင်နဲ့ သာမာန်ကလေးတွေအတိုင်းပဲ နေထိုင်ဖြတ်သန်းနေတဲ့ သားကို “ညက ဘာလို့ ငိုတာလဲ” လို့ သေချာမေးကြည့်မိတော့ “အိမ်ပြန်ချင်တယ်၊ သတိရတယ်” လို့ ပြောပြတယ်။ သူ ကြီးပြင်းနေထိုင်ခဲ့တဲ့ မြို့နာမည်ကိုတပ်ပြီး သူသတိရတာတွေကို သေချာပြောပြတယ်။
“ပင်လယ်ကို သတိရတယ်၊ ပြန်ချင်တယ်” လို့ သူပြောတယ်။
သူကျောင်းသွားတဲ့လမ်းမှာ အုန်းပင်တွေရှိတဲ့ ခြံကျယ်ကြီးကို တွေ့တဲ့အခါ “အဲဒီ နောက်မှာ ပင်လယ်ရှိလား” လို့ မေးတတ်တယ်။
သူသတိရတယ်ဆိုတဲ့ ပင်လယ်က ကျမတို့မြို့ကနေ ဆိုင်ကယ်မောင်းရင် ၁၅ မိနစ်လောက်ပဲကြာတဲ့ အကွာအဝေးမှာ ရှိပါတယ်။ သူတက်ခဲ့တဲ့ မူကြိုကျောင်းကလည်း ပင်လယ်ဘေးမှာရှိတယ်။ ကျမတို့ မိသားစုဟာ ညနေခင်းတိုင်းဆိုသလို ပင်လယ်ကိုသွားကြတယ်။ ပင်လယ်သောင်ပြင်တလျှောက် ခရုခွံလေးတွေ ကောက်ကြတယ်။ ကျောက်ဆောင်တွေကြားမှာ ပြေးလွှားဆော့ကစားတယ်။ ဒီရေအတက်တုန်းက တင်ကျန်ခဲ့တဲ့ အိုင်တွေထဲ ရေစိမ်တယ်။
သူ လေးဘက်တွားသွားတတ်တဲ့ အရွယ်ကတည်းက အိမ်ကနေထွက်မလာခင် သူ့အသက် ၄ နှစ်နီးပါးအထိ ပင်လယ်သဲသောင်ပြင်က သူ့အတွက် အလွတ်လပ်ဆုံး၊ ပျော်စရာအကောင်းဆုံးနဲ့ သူအကြိုက်ဆုံး ကစားကွင်းပါပဲ။
ရေစိုကမ်းခြေ၊ ဖြူလွလွသောင်ပြင်ပေါ်က ပင်လယ်သဲတွေ၊ စိမ်းမြမြအုန်းပင်တန်းတွေ၊ ခရုခွံကြမ်းတွေနဲ့ ပြည့်နေတတ်တဲ့ သဲသောင်ခုံ စတာတွေဟာ သူ့ငယ်ဘဝနဲ့ တသားတည်းကျခဲ့တဲ့ အမှတ်တရတွေလို့ ဆိုရမယ်။
ပင်လယ်ထဲက ကျွန်းကို စက်လှေနဲ့သွားတဲ့အတွေ့အကြုံတွေ၊ တရွေ့ရွေ့ပြေးနေတဲ့ ဝင်ကစွပ်ကလေးတွေနဲ့ ကဏန်းပေါက်လေးတွေ လိုက်ဖမ်းရတဲ့ အတွေ့အကြုံတွေ စတဲ့ ပင်လယ်နဲ့သက်ဆိုင်တဲ့အရာတိုင်းဟာ သူ့ငယ်ဘဝရဲ့ မမေ့နိုင်စရာ အမှတ်အသားတွေပါပဲ။
အဲဒီအမှတ်တရတွေအားလုံးကို ရုတ်တရက် ချန်ရစ်ထားခဲ့ရပြီး နေရာသစ်၊ ဒေသသစ်မှာ မိဘတွေနဲ့အတူ ပြောင်းရွှေ့အခြေချရတဲ့အခါ အသက် ၄ နှစ်ကျော်သာရှိသေးတဲ့သူ့အတွက် သူ့ဇာတိကို အောက်မေ့သတိရစိတ် အဲ့ဒီလောက်ထိ နက်ရှိုင်းနေလိမ့်မယ်လို့ အစက ကျမ မတွေးခဲ့မိဘူး။
ကလေးတိုင်းလိုလို သဲကိုကြိုက်ကြတယ်။ ချောင်းသဲ၊ ပင်လယ်သဲ စတဲ့ သဲခုံတွေ၊ သဲပုံတွေဟာ ကလေးတွေ အတွက် ပျော်စရာအကောင်းဆုံး ကစားစရာတမျိုးလို့ ပြောလို့ရနိုင်ပါတယ်။ သားတို့ကျောင်းဝန်းထဲကို ရောက်လာတဲ့ ချောင်းသဲပုံပေါ်မှာ အားရပါးရဆော့နေကြတဲ့ ကလေးတွေထဲမှာမှ ပင်လယ်နံဘေးမှာ ကြီးပြင်းခဲ့ရတဲ့ သားရဲ့အိမ်လွမ်းစိတ်ကို အဲဒီခရုခွံလေးတွေက ဆွပေးလိုက်ဟန် ရှိပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ မကြာခင်ရောက်လာတော့မယ်ဆိုတာ ခန့်မှန်းမိတဲ့အချိန်ကတည်းက နေရပ်စွန့်ခွာပြီး တနယ်တကျေးမှာ အခြေချဖို့ ကြိုးစားခဲ့ကြတာဖြစ်လို့ ကျမသားဖြစ်သူဟာ စစ်ရိပ်စစ်ငွေ့ရိုက်ခတ်မှုကြောင့် ကြုံရတဲ့ ဒုက္ခဆင်းရဲခြင်းတွေကို မကြုံခဲ့ရဖူးဘူး။
စစ်ပွဲတွေကြားမှာ ထိလွယ်ရှလွယ်ကလေးငယ်တွေလိုမျိုး ကိုယ်စိတ်နှစ်ပါး ထိခိုက်ဒဏ်ရာရနေတဲ့ အတွေ့အကြုံတွေကို သူရင်မဆိုင်ခဲ့ရဖူးဘူး။ စစ်ကြောင့်ဖြစ်တဲ့ အနိဌာရုံတွေကို မခံစားခဲ့ရဘူး။
မနှစ်က မြဝတီမြို့နယ်ထဲမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား ပြင်းထန်ခဲ့တဲ့ တိုက်ပွဲကာလတွေတုန်းက ထိုင်း-မြန်မာနယ်စပ်မျဉ်းနဲ့ အနီးဆုံးမှာရှိတဲ့ သူတို့ မူကြိုကျောင်းလေးကနေ လက်နက်ကြီးသံ၊ ဗုံးကြဲသံတွေကိုတော့ မြေကြီးတုန်အောင် နေ့စဉ်ရက်ဆက် ကြားခဲ့ရဖူးတယ်။
“လူဆိုးတွေပစ်တဲ့ အမြောက်သံကြီးတွေကြောင့် သားတို့ဆရာမဆို တုန်တောင် တုန်သွားတယ်” လို့ သားက ပြန်ပြောပြတယ်။
သူတို့မူကြိုကျောင်းလေးကနေ ကြားနေရတဲ့ အသံကြီးအသံငယ်နဲ့ တုန်ခါမှုတွေဟာ စစ်တိုက်နေကြတာဖြစ် ကြောင်းကို ရွယ်တူ မူကြိုကလေးအချင်းချင်းတွေ ပြောပြကြတော့ တိုက်ပွဲဆိုတာ ဘာလဲဆိုတဲ့အကြောင်းကို သူစိတ်ဝင်စားတယ်။ လူကောင်းတွေက လူဆိုးတွေကို မောင်းထုတ်နေတာဖြစ်ကြောင်း၊ အိမ်ကို ပြန်လို့မရသေးတာက အဲဒီတိုက်ပွဲတွေကြောင့်ဆိုတာ သူ့ကို ရှင်းပြဖို့ကြိုးစားရတယ်။
သူက မေးတယ်၊ “လူဆိုးတွေ အကုန်သေသွားရင် ပြန်လို့ရပြီလား” တဲ့။ သတ်ရတယ်၊ သေရတယ်၊ မုန်းတီးရတယ်ဆိုတဲ့ ကြမ်းတမ်းခက်ထန်မှုတွေကို မလိုအပ်ဘဲ သူ့ကို မသိစေချင်၊ မကြားစေချင်တဲ့အတွက် “လူဆိုးတွေ ပြန်လိမ္မာသွားရင် ပြန်လို့ရပြီပေါ့” လို့ ကျမပြန်ဖြေဖြစ်တယ်။
ဒါပေမယ့် မြန်မာပြည်ရဲ့ မငြိမ်းချမ်းမှုတွေကြားက ရုန်းထွက်ပြီး သူ့လိုပဲ နယ်မြေသစ်မှာခြေချရတဲ့ အတွေ့အကြုံအဖုံဖုံ ကြုံဖူးပြီးသားကလေးတွေနဲ့အတူ တကျောင်းတည်းတက်နေရတာဖြစ်တဲ့အခါ ကျမ မပြောပြပေမယ့် တချို့စကားလုံးတွေကို သူ့ကျောင်းက ရွယ်တူကလေးတွေဆီက သူကြားခဲ့တာတွေရှိနေပါပြီ။
သူ့အတွက် စစ်ဆိုတာကို ကိုယ့်တွေ့မကြုံဖူးဘဲ အကြားအာရုံနဲ့သာ ကြုံခဲ့ရဖူးတာပါ။ နေရပ်စွန့်ခွာလာကြရတဲ့ အခါ လူကြီးတွေက ခံစားချက်တွေကို ထုတ်ဖော်ပြောဖို့ စကားလုံးတွေ၊ စိတ်ဖိစီးမှုကို ဖြေဖျောက်ဖို့ နည်းလမ်းတွေရှိတတ်ကြပေမယ့် ကလေးတွေအတွက်ကတော့ မသိလိုက် မသိဘာသာနဲ့ ပြီးသွားတတ်ကြတယ်။
အခုတော့ ကျမသားက သူ့အရွယ်မှာ သူ့အလိုလိုဖြစ်လာတဲ့ အခုလို စိတ်ခံစားချက်၊ သူ့နည်းသူ့ဟန်နဲ့ ထုတ်ဖော်ပြမှုတွေဟာ လျှော့တွေး၊ ဖော့တွေးလို့ မရဘူးဆိုတာ သတိထားမိလာတယ်။ စစ်ဇုန်တွေထဲက နေရာတခုပြီးတခုမှာ လက်တွေ့ကျကျ ရွှေ့ပြောင်းနေထိုင်ရင်း ငတ်မွတ်ဆင်းရဲခြင်းတွေကြားမှာ ရှင်သန်အောင် ကြိုးစားနေရမယ့် သားတို့လို နုနုနယ်နယ်နှလုံးသားလေးတွေနဲ့ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ၊ ဒဏ်ချက်တွေဟာ ဘယ်လောက်တောင်မှ နက်ရှိုင်းစိမ့်ဝင်နေလိုက်မလဲဆိုတာ တွေးမိတယ်။
စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ ကလေးသူငယ်ရေးရာ နှစ်သိမ့်ဆွေးနွေးပေးသူတွေကတော့ “စစ်ပွဲအကြောင်း ကလေးတွေကို ဘယ်လို ပြောရမလဲ” ဆိုတဲ့နည်းလမ်း ၅ သွယ်ကို အကြံပြုထားကြတယ်။
(၁)အချိန်ပေးပြီးနားထောင်ပါ။
(၂) ကလေးတွေကို စကားစမြည်ပြောပါ။
(၃) သူတို့ရဲ့ စိတ်ခံစားချက်တွေကို အသိအမှတ်ပြုပါ။
(၄) သူတို့ကို စိတ်တည်ငြိမ်အောင်ထားပါ။
(၅)သူတို့ကို လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ ကူညီပေးပါ။
ဒီနည်းတွေထဲက ၂ ချက်ကတော့ ကျမတို့သေချာနားလည်ပြီး လိုက်နာကျင့်သုံး ဖြစ်တယ်။
သူနဲ့ စကားများများပြောပေးဖို့ ကြိုးစားရတယ်။ သူပြောတာကို နားထောင်ပေးဖို့ ကြိုးစားရတယ်။ သူ့မေးခွန်းတွေကို သူ့အရွယ်နဲ့လိုက်လျောညီထွေဖြစ်စေမယ့် စကားလုံးတွေနဲ့ ရှင်းပြဖို့ကြိုးစားရတယ်။ သူ့စိတ်ထဲက ဇာတိလွမ်းစိတ်ကို အတတ်နိုင်ဆုံး ဖြေလျော့ဖို့ ကြိုးစားပေးရတယ်။
သားကို သနားလို့ ညအိပ်ယာဝင်သီချင်းသံစဉ်လေးတွေ ဖွင့်မပြဖြစ်တာကြာပါပြီ။ သူလည်း လွမ်းလွမ်း ဆွတ်ဆွတ် မငိုရတော့ဘူးပေါ့။ အခုနောက်ပိုင်း သားကျောင်းအင်္ကျီအိပ်ကပ်ထဲမှာလည်း ခရုခွံလေးတွေ အတွေ့ရ ကျဲလာပြီ။ ဒါပေမဲ့ သူကတော့ အိမ်လွမ်းနေတုန်းပါပဲ။
#မြေလတ်အသံ
#အက်ဆေး #ကလေး #စိတ်ကျန်းမာရေး #စစ်ဘေးရှောင် #နေရပ်စွန့်ခွာ
Share Share Share