ကျေးလက်မြို့ပြ လူထုသပိတ်တိုက်ပွဲ ဖော်ဆောင်နိုင်ရေး ပေါင်းတည်မြို့နယ်ထဲမှာ စည်းရုံးဟောပြော

ကျေးလက်မြို့ပြ လူထုသပိတ်တိုက်ပွဲ ဖော်ဆောင်နိုင်ရေး ပေါင်းတည်မြို့နယ်ထဲမှာ စည်းရုံးဟောပြော

ကျေးလက်မြို့ပြ လူထုသပိတ်တိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့အတွက် ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ထဲက ကျေးရွာတွေမှာ စည်းရုံးဟောပြောမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပေါင်းတည် ၇/ အဖွဲ့လူငယ်တွေ က ယနေ့ ဧပြီလ ၁၂ ရက်နေ့မှာ ပြောပါတယ်။

ဟောပြောပွဲတွေကို ယခုရက်ပိုင်းတွေမှာ ပြုလုပ်နေတာဖြစ်ပြီး ကျေးရွာ ၅ ရွာက ဒေသခံတွေကို စည်းရုံးဟောပြောခဲ့ပြီး ကျေးရွာလုံခြုံရေးအရ ဘယ်ရွာတွေဆိုတာ မပြောနိုင်ဘူးလို့ အဲဒီအဖွဲ့က ဆိုပါတယ်။


"သူတို့ဘယ်လောက်ပဲ အကြောက်တရားတွေကို ရိုက်ထည့်ပါစေ ကျနော်တို့မြို့ပြကျေးလက် ပြည်သူလူထုကြီးနဲ့အတူ အဝေးတနေရာရောက်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ညီညီညွတ်ညွတ် အတူတကွ တွန်းလှန်ကြဖို့ပါပဲ။ ရတဲ့နည်းနဲ့တော်လှန်ပုန်ကန်ကြပါ။ မြေပြင်သပိတ်တိုက်ပွဲတွေအတွက်လည်း လူထုကိုကျေးလက်ဒေသတွေမှာလည်း အချင်းချင်း သတင်းစကားပါး စည်းရုံးကြပါ" လို့ ၇/ အဖွဲ့ဝင်ရဲဘော် လူပျော်ကြီးက ပြောပါတယ်။

ဟောပြောရာမှာ စစ်အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖော်ဆောင်နိုင်ရေး ဆိုတဲ့ အချက်နှစ်ချက်ကို အဓိကထား ဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။

"လူထုသပိတ်တိုက်ပွဲတွေ လုပ်ခဲ့စဉ် ၂၀၂၁ ပေါင်းတည်လမ်းမတွေပေါ်မှာ ကျနော်တို့ကြွေးကြော်ခဲ့ကြတဲ့ ကြွေးကြော်သံတွေက လူကြားကောင်းရုံ အော်ခဲ့ကြတာ မဟုတ်ပါဘူး။ကျနော်တို့ ရင်ထဲက ယုံကြည်ချက်ခံယူချက်တွေနဲ့ ကြွေးကြော်ခဲ့ကြတာပါ။ သူတို့ဘယ်လောက်ပဲ ကြောက်အောင် ရက်စက်ပြပါစေ ကျနော်တို့ ပန်းတိုင်ထိရောက်အောင် သွားဖို့ ဆုံးဖြတ်တိုက်ပွဲဝင်သွားမှာပါ" လို့ ၇/ အဖွဲ့ဝင်ရဲဘော် လူပျော်ကြီးက ဆက်ပြောပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ မြို့နယ်တွေထဲမှာ ပေါင်းတည်မြို့နယ်ဟာလည်း ပါဝင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ပေါင်းတည်မြို့နယ်နဲ့ နတ္တလင်းမြို့နယ်အစပ် ပဲခူးရိုးမထဲကို စစ်ကောင်စီက စစ်ကြောင်းထိုးတာတွေရှိနေတာကြောင့် စစ်ရှောင်နေရသူတွေ ရှိနေသလို၊ မြို့ပြပြောက်ကျား လှုပ်ရှားမှုတွေ ရှိနေသလို ၇/ အဖွဲ့ဝင်တွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဗီနိုင်းပိုစတာကပ်တာနဲ့ အခြားကမ်ပိန်းတွေကိုလည်း ပြုလုပ်နေပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီရဲ့ ဆောက်လက်စပေါင်းတည်ဗဟိုမဏ္ဍုပ်ကို သတိပေးဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် လုံခြုံရေးတိုးမြှင့်ထားသလို မဏ္ဍုပ်တည်ဆောက်ထားရာ လမ်းမကိုလည်း ဘယ်ရီဂီတ်တွေနဲ့ ပိတ်ဆို့တားဆီးထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10