ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာကို စစ်တပ်ကမီးရှို့ပြီး ရွာအနီး ဒရုန်းတွေနဲ့ပစ်ခတ်နေ

ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာကို စစ်တပ်ကမီးရှို့ပြီး ရွာအနီး ဒရုန်းတွေနဲ့ပစ်ခတ်နေ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာက နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့နေပြီး ရွာအနီးကိုလည်း ဒရုန်းတွေနဲ့ လိုက်လံပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်အား ၂၀၀ ၀န်းကျင်ပါတဲ့ စစ်သားနဲ့ ပျူစောထီးအဖွဲ့တွေက နို၀င်ဘာ ၂၀ ရက် ဒီနေ့လယ် ၁ နာရီလောက်မှာစပြီး ကုက္ကိုရွာကနေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ 

"အိမ်အပျက်အစီးလည်း အစ်မတို့အတည်ပြုလို့မရသေးဘူး။ စစ်ကြောင်းက ရွာထဲမှာပဲ ရှိနေတဲ့အတွက် ဘာမှလုပ်လို့မရသေးဘူး။” လို့ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ခံ အမျိုးသမီးတဦးက ပြောပါတယ်။

ဒီမနက် ၄  နာရီကျော်လောက်မှာ ကျွန်းလှမြို့ပေါ်ကနေ စစ်ကားတွေနဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ၈ နာရီလောက်မှာတော့ ကံပေါက်ရွာထဲကို ရောက်ရှိခဲ့ပါတယ်။ 

အဲ့ဒီရွာပျုစောထီးတပ်သားတွေနဲ့ပေါင်းကာ  အင်အား ၂၀၀ ဝန်းကျင်နဲ့ ကံပေါက်ရွာမြောက်ဘက်ကို ခြေလျင်စစ်ကြောင်းထွက်ခွာလာပြီး ဒရုန်းဗုံးသီးတွေနဲ့လည်း လိုက်လံပစ်ခတ်ခဲ့တဲ့အတွက် တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စုနဲ့ မြဘုံသာရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။

အဲဒီကနေတဆင့် စစ်ကောင်စီ နဲ့ ပျူစောထီးတပ်သားတွေဟာ ကုက္ကိုကုန်းတိုက်နယ်ဆေးရုံထဲကို မနက် ၁၀ နာရီကျော်လောက်မှာ ရောက်ရှိပြီး  နေ့လယ် ၁ နာရီကျော်လောက်မှာ ကုက္ကိုကုန်းရွာက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“ကံပေါက်ရွာက ပျုအထိုင်ရွာ။ အဲ့ရွာက ပျုအင်အား ၆၀၊ ၇၀ လောက်ထိုင်ထားတဲ့ရွာ။ စကစတွေက ကန့်ဘလူ ၆၀၀၆ ကနေ ကျွန်းလှကိုရောက်နေတာ ၁ ပတ်ကျော်လောက်ရှိနေပြီ‌။ မနေ့ကကလည်း ထပ်ရောက်တယ်။ ဒရုန်းတွေဘာတွေက ဘယ်နှစ်စီးလဲဆိုတာတော့ အတည်မပြုနိုင်သေးဘူး။" လို့ အထက်ပါ တာ၀န်ခံအမျိုးသမီးက ဆက်ပြောပါတယ်။ 

ဒီညနေပိုင်းအထိ စစ်ကောင်စီတပ်သားတွေဟာ ကုက္ကိုကုန်းရွာထဲမှာ ရှိနေဆဲဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကို အတည်မပြုနိုင်သေးပါဘူး။ 

အိမ်‌ခြေ ၆၀၀ ခန့်ရှိတဲ့ ကုက္ကိုကုန်းရွာကို ပြီးခဲ့တဲ့နှစ် မေ ၂၉ ရက်ကလည်း စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့ဖူးပါတယ်။

ခုတကြိမ်မီးရှို့တာကတော့ အရင်တကြိမ်မီးရှို့တာထက် အပျက်အစီးပိုများနိုင်တယ်လို့  နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

“အရင်က တကြိမ်ရှို့ခံရဖူးတယ်။ အဲ့တုန်းက နည်းနည်းလောက်ပဲ ပါသွားတယ်။ အခုတကြိမ်တော့ သူတို့ဘယ်လိုလုပ်မလဲဆိုတာကတော့ သူတို့လည်းမထွက်သေးတော့ မသိရသေးဘူး။ ဒီတခါတော့ နည်းနည်းတော့များမယ် မီးခိုးတွေကြည့်ရတာ။ ဖမ်းဆီးခံရတာတွေလည်း လောလောဆယ် မကြားရသေးဘူး။" လို့  သူကဆိုပါတယ်။

နို၀င်ဘာဒုတိယပတ်အတွင်းကစလို့ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်ထဲကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးတာအပြင် ဝေဟင်ကနေပါတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်လုပ်လာတဲ့အတွက် ဒေသခံ ထိခိုက်သေဆုံးမှုတွေလည်းရှိနေတာပါ။ 

နို၀င်ဘာ ၁၆ ရက် ညနေ ၅ နာရီခွဲမှာလည်း ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးကျေးရွာထဲကို ၁ ကြိမ်၊ ည ၇ နာရီခန့်မှာ ရွာကုန်းကြီးရွာအနီးဝန်းကျင်ကို နောက်ထပ် ၁ ကြိမ် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာ ရွာကုန်းကြီးရွာက လူနေအိမ် ၃ လုံးမီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

အလားတူ နိုဝင်ဘာ ၁၈ ရက်မှာလည်း ကန့်ဘလူမြို့နယ် တောင်ခြမ်း၊ ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းပိုင်း၊ ဇီးကုန်းသကြားစက်မှာအထိုင်ချထားတဲ့ စစ်အုပ်စုက ဒရုန်းဗုံးသီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ခရီးသွားပြည်သူ ၃ ဦးသေဆုံးပြီး ၁၀ ဦးဝန်းကျင် ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ပုံစာ - နိုဝင်ဘာ ၉ ရက်က ကန့်ဘလူ၊ ကျောင်းကုန်းရွာမှ နေအိမ်တွေကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့စဥ်။(ဓာတ်ပုံ - ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့။)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #စစ်တပ် #မီးရှို့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10