ကျွန်းလှမြို့နယ်၊ ကြာတကံရွာကို စစ်အုပ်စုက ဒုတိယအကြိမ်မီးရှို့

ကျွန်းလှမြို့နယ်၊ ကြာတကံရွာကို စစ်အုပ်စုက ဒုတိယအကြိမ်မီးရှို့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ကြာတကံကျေးရွာကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေက သြဂုတ် ၇ ရက်ဒီမနက်ပိုင်းကစပြီး ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ကျွန်းလှမြို့ပေါ်ကနေလာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်သားနဲ့ ပျူစောထီးတွေဟာ ဒီမနက် ၆ နာရီလောက်မှာ ကြာတကံရွာထဲကို ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ 

“ကျနော်တို့ ကြားတာက ပြီးခဲ့တဲ့ ၂ ရက်လောက်က ကျွန်းလှမှာ ပျူအချင်းချင်းပစ်ခတ်မှုဖြစ်တယ်။ အဲ့ဒီထဲမှာ ပျူတယောက်က ကြာတကံရွာဘက်ကိုပြေးလာလို့ သူတို့တွေက ကြာတကံရွာကိုလာပြီး မီးရှို့တယ်လို့တော့ ထင်တာပဲ။ ထွက်ပြေးလာတဲ့ ပျူမှာ ကာဘိုင်တလက်နဲ့ စက်လတ်ကျည် တွေပါလာတယ်တဲ့။ အခုကြာတကံရွာက နေအိမ် ၄၀ ကျော်လောက် မီးထဲပါသွားပြီတဲ့”လို့ ကျွန်းလှဒေသခံတဦးက ပြောပါတယ်။

ကျွန်းလှမြို့နဲ့ တမိုင်အကွာ နေအိမ် ၁၀၀ ကျော်နဲ့ လူဦးရေ ၆၀၀ ဝန်းကျင်ရှိတဲ့ ကြာတကံကျေးရွာကို စစ်ကောင်စီက မီးရှို့တာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ပထမအကြိမ် မီးရှို့ခံရလို့ နေအိမ် ၂၈ လုံးပျက်စီးဆုံးရှုံးခဲ့ပါတယ်။ 

လက်ရှိအချိန်ထိ ရွာထဲမှာ စစ်သားနဲ့ပျူစောထီးတွေက ဆက်လက်မီးရှို့နေဆဲဖြစ်လို့ ဒေသခံတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး အိမ်ခြေပျက်စီးမှု အခြေအနေတွေကိုတော့ အတိအကျ မသိရှိရသေးပါဘူး။ 

အခုလိုမီးရှို့နေတဲ့အတွက် ကြာတကံရွာအနီးရှိ ထန်းပင်ကုန်းရွာက ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ကျွန်းလှ #ကြာတကံ #စစ်ကောင်စီ #ပျူစောထီး #မီးရှို့ #သတင်း #ဒေသခံ #ထွက်ပြေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10