ကျွဲ၊ နွားတွေကို ခိုးယူလာတဲ့ စစ်တပ်စစ်ကြောင်းကို PDF တွေ တိုက်ခိုက်

ကျွဲ၊ နွားတွေကို ခိုးယူလာတဲ့ စစ်တပ်စစ်ကြောင်းကို PDF တွေ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာက ပြည်သူတွေရဲ့ ကျွဲ၊ နွားတွေကို ခိုးယူလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ အောက်တိုဘာ ၁၉ ရက် မနက် ၈ နာရီလောက်မှာ ထိတွေ့ပစ်ခတ်မှု ၂ နာရီနီးပါး ဖြစ်ပွားခဲ့တယ်လို့ Union Liberation Front - ULF V 02 တပ်ဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၁၈ ရက် ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာကနေ အင်အား ၁၀၀ ကျော်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ ယင်းမာပင်နယ်ထဲက ကုန်းရွာမှာ တညအိပ်စခန်းချခဲ့ပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားသလို ရွာသားတွေရဲ့ ကျွဲ၊ နွားတွေကိုလည်း ဖမ်းဆီးယူဆောင်သွားခဲ့ပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ကုန်းရွာကနေထွက်လာပြီး အဲဒီရွာနဲ့  ၁ မိုင်ခန့်ဝေးတဲ့ ရေအောက်ရွာနားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ 

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်မှာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးသွားသလို ကာကွယ်ရေး တပ်ဖွဲ့ဘက်ကလည်း တဦးဒဏ်ရာရခဲ့တယ်လို့ ULF အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ပြောပါတယ်။

“သေဆုံးတာတွေကို ပွဲအတွင်းပစ်ခတ်ရင်း စစ်ကောင်စီဘက်က ကျသွားတာကို မျက်မြင်တွေ့ရတာပါ” လို့ ကိုဂျော်ဒန်က ဆိုပါတယ်။

ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးတဲ့နောက်မှာ အဲ့ဒီစစ်ကြောင်းဟာ ရေအောက်ရွာထဲကို မဝင်တော့ဘဲ ယင်းမာပင်ဘက်ကို ပြန်လည်ထွက်ခွာသွားပါတယ်။ အခုလက်ရှိအချိန်မှာတော့ ယင်းစစ်ကြောင်းဟာ ယင်းမာပင်ကနေ ပြန်ထွက်သွားပြီး ရင်ပေါင်တိုင်ရွာ အနောက်ဘက်ကို ဆက်သွားနေတယ်လို့ ဆိုပါတယ်။

ကုန်းရွာကနေ စစ်ကောင်စီတပ်ဖွဲ့က ပြန်ထွက်သွားပေမယ့်လည်း ဒေသခံတချို့သာကျေးရွာထဲ ပြန်လည်ဝင်ရောက်ပြီး ကျန်တချို့ကတော့ တောတောင်တွေထဲမှာ ဆက်လက်နေထိုင်နေတယ်လို့လည်း သိရပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ကုန်းရွာက နေအိမ်တွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #ကုန်းရွာ #စစ်တပ် #ကျွဲနွား #ခိုးယူ #စစ်ကြောင်း #PDF #တိုက်ခိုက် #မြေလတ်သတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10