ကြက်ပျံမကျစည်ကားခဲ့ဖူးတဲ့ ပေါင်းတည်စွယ်တော်ပွဲ စစ်ကောင်စီလက်ထက် လာရောက်ဖူးမြော်သူ မရှိသလောက်နည်းသွား

ကြက်ပျံမကျစည်ကားခဲ့ဖူးတဲ့ ပေါင်းတည်စွယ်တော်ပွဲ စစ်ကောင်စီလက်ထက် လာရောက်ဖူးမြော်သူ မရှိသလောက်နည်းသွား

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မှာ စစ်ကောင်စီကလုံခြုံရေးအပြည့်နဲ့ အကျဉ်းချုံးကျင်းပတဲ့ ဗုဒ္ဓစွယ်တော်အပူဇော်ခံပွဲကို လာရောက်ဖူးမြော်သူနည်းပါးတယ်လို့ မြို့ခံတဦးဆီကသိရပါတယ်။

စက်တင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်(တော်သလင်းလဆန်း ၁၃ ရက်ကနေ ၁၅ ရက်) အတွင်း နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ  ဂန္ဓကုဋီတိုက်တွင်းမှာသာ ၃ ရက်တာအပူဇော်ခံတာဖြစ်ကာ စက်တင်ဘာ  ၂၈ ရက် ဒုတိယမြောက်နေ့အထိ လာရောက်ဖူးမြော်သူ နည်းပါးနေတာလို့ ဆိုပါတယ်။

ပွဲတော်ကျင်းပရာမှာလည်း ပူဇော်ပွဲကျင်းပတဲ့ မြို့လယ်ဘုရားကြီးလမ်းရဲ့ ထိပ် ၂ ဘက်ကို ဘယ်ရီဂိတ်တွေနဲ့ပိတ်ကာ မည်သည့်ယာဉ်မှ အဝင်မခံသလို အခြားရန်ကုန် - ပြည်လမ်းနဲ့ ၄ လမ်းဘက်ဝင်ပေါက်တွေကိုလည်း ပိတ်ထားပြီး ဘုရားကြီးလမ်းရှေ့ ဝင်ပေါက်ကသာဝင်ခွင့်ပေးထားတာ လို့ဆိုပါတယ်။

ယခင်ကပေါင်းတည်စွယ်တော်ပွဲကို တော်သလင်းလဆန်း ၁၃ ရက်နေ့တိုင်းမြို့ပေါ်ရပ်ကွက်တွေကိုလှည့်လည်အပူဇော်ခံတာဖြစ်ပြီး ၁၂ ပွဲဈေးသည်ဆိုင်ခန်း ၁ ထောင်ကျော်အပြင် ဇာတ်ပွဲ အငြိမ့်ပွဲတွေနဲ့ ဒေသတွင်းမှာ စည်ကားတဲ့ပွဲတော်လည်းဖြစ်ပါတယ်။ 

“အသက်ကြီးပိုင်းအချို့နဲ့ စစ်ကောင်စီကိုထောက်ခံသူအချို့ သွားဖူးတာတွေ့တယ်။ ဖူးမြော်သူ နည်းတာကတော့ နှိုင်းပြစရာတောင်မရှိဘူး။ အရင်ကဆိုဒီလိုရက်က ကြက်ပျံမကျစည်ကားနေတာ စွယ်တော်ဖူးသူထက် လက်နက်ကိုင်စစ်ခွေးရဲခွေးနဲ့ သတင်းပေးသူတွေကပဲများနေတာလေ။ စွယ်တော်တခါဖူးဖို့အရေး ပိုက်ဆံအိတ်ကတွေက အစစ်ဆေးခံရသေးတယ်" လို့ သွားရောက်ဖူးမျော်သူမြို့ခံတဦးက ပြောပါတယ်။ 

စစ်ကောင်စီက ပေါင်းတည်မြို့မှာ သင်္ကြန်ပွဲကျင်းပစဉ်ကလည်း မြို့ခံလူငယ်တွေစိတ်ဝင်စားမှုနည်းပါးလို့ သင်္ကြန်ပွဲမစည်ကားခဲ့သလို အခုစွယ်တော်အပူဇော်ခံပွဲကို လာရောက်ဖူးတဲ့သူ နည်းပါးတာဟာလည်း  ပြည်သူလူထုပါဝင်မှုမရှိတဲ့အတွက် ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ 

လူငယ်အချို့ကို မိဘတွေက ဗုဒ္ဓစွယ်တော်အပူဇော်ခံပွဲကို မသွားဖို့ တားဆီးတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။

“ကျနော့အိမ်က ခုရက်ထဲကို အပြင်ပေးမထွက်ဘူး။ စွယ်တော်ပွဲကို သွားမှာစိုးလို့တဲ့။ ခွေးတွေနဲ့ စကားမပြောချင်ဘူးဆိုပြီး တားထားလို့ စွယ်တော်ဘယ်လိုနေမှန်းတောင် မသိဘူး " လို့ မြို့ခံလူငယ်တဦးက ပြောပါတယ်။

စစ်ကောင်စီက စွယ်တော်အပူဇော်ခံပွဲကျင်းပပေမယ့် ၁၂ ပွဲဈေးသည်တွေတော့ ပါဝင်ခြင်းမရှိသလို လာရောက်ရောင်းချတဲ့ မြို့ခံဈေးဆိုင် ၅၀ ခန့်ဟာလည်းရောင်းချရခြင်းမရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက စွယ်တော်ပွဲကျင်းပဖို့စီစဉ်နေချိန် စက်တင်ဘာ ၇ ရက်နေ့လယ်က စွယ်တော်တိုက်အနီး ပေါင်းတည်မြို့ပြပျောက်ကျားအဖွဲ့က စစ်ကောင်စီကို  ဗုံးတလုံးခွဲကာ သတိပေးခဲ့ပါသေးတယ်။

ပေါင်းတည်ဗုဒ္ဓစွယ်တော်ကို  မြန်မာသက္ကရာဇ် ၁၂၅၉ ခုနှစ်က သီရီလင်္ကာနိုင်ငံ(သီဟိုဠ်ကျွန်း ကန္တီမြို့)က ဗုဒ္ဓစွယ်တော်အစစ်နဲ့ ပုံတူပြုလုပ်ပြီး  ၇ ရက်တာ အတူကိန်းဝပ်ပြီးမှ ပေါင်းတည်မြို့ကို ရောက်ရှိလာတာဖြစ်ပြီး ကိုဗစ်ကာလမတိုင်မီအထိလှည့်လည်အပူဇော်ခံပွဲကျင်းပခဲ့တာဟာ နှစ်ပေါင်း ၁၀၀ ကျော်ပြီလို့ သိရပါတယ်။

ပုံစာ - ဗုဒ္ဓစွယ်တော်ပွားနှင့် အပူဇော်ခံပွဲမှာ တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ဖူးမြော်သူ အချို့။ 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပေါင်းတည်စွယ်တော် #ပွဲတော် #စစ်ကောင်စီ #ကြက်ပျံမကျ #ပဲခူးတိုင်းအနောက်ခြမ်း #ဆယ့်နှစ်ပွဲဈေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10