ကြို့ပင်ကောက်က အရပ်ဈေးသည်တွေ  ၂ ရက်ဆက် လုယက်ခံရ

ကြို့ပင်ကောက်က အရပ်ဈေးသည်တွေ  ၂ ရက်ဆက် လုယက်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့က အရုဏ်စျေးကို စျေးလာဝယ်တဲ့ အရပ်စျေးသည်တွေ  ၂ ရက်ဆက် လုယက်ခံရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။ 

ကြို့ပင်ကောက်မြို့နယ်၊ ကျောက်စရစ်ကုန်းရွာနဲ့ အောင်ချမ်းသားကျေးရွာကနေ စျေးဝယ်လာကြတဲ့ အရပ်စျေးသည်တွေဟာ စက်တင်ဘာလ ၉ ရက်နဲ့ ၁၀ ရက်မနက် ၃ နာရီလောက်မှာ လုယက်ခံရတာလို့ ဆိုပါတယ်။ 

အဆိုပါစျေးသည်တွေဟာ အရုဏ်စျေးမှာ စျေးလာဝယ်ပြီး သူတို့နေထိုင်ရာကျေးရွာနဲ့ အနီးကျေးရွာတွေကို တဆင့်ပြန်လည် စျေးရောင်းချနေသူတွေ ဖြစ်ပါတယ်။  

စက်တင်ဘာလ ၉ ရက်မှာ အောင်ချမ်းသာရွာက စျေးသည်လင်မယားဟာ အရှေ့ဂုမ္မကွင်းရွာအနီးမှာ  လုယက်ခံရတာကြောင့် ဖုန်း ၂ လုံးနဲ့ စျေးရင်းငွေ ၁ သိန်းခွဲ ဆုံးရှုံးခဲ့ပါတယ်။ 

ကျောက်စရစ်ကုံးရွာက စျေးသည်လင်မယားကတော့ စက်တင်ဘာလ ၁၀ ရက်မနက်အစောပိုင်းက မြို့လည်ချောင်းနဲ့ တောရရွာကို သွားတဲ့လမ်းမှာ လုယက်ခံရတာဖြစ်ပြီး ဖုန်းတလုံးဆုံးရှုံးခဲ့တယ်လို့ လုယူခံရသူတွေရဲ့ ပြန်လည်ပြောပြချက်ကို ကိုးကားပြီး စျေးသည်တဦးက ပြောပါတယ်။  

၂ ရက်ဆက်တိုက် လုခံရတာပါ။ ရွာတွေမှာ ပြန်ရောင်းဖို့ ကြို့ပင်ကောက်မြို့ကို မနက်စောစောဆိုင်ကယ်နဲ့ ဈေးလာဝယ်တာကို လမ်းကနေဖြတ်လုတာပါ။ လုတဲ့လူတွေကတော့ အရပ်ဝတ် ဝတ်ဆင်သူတွေပါလို့ ကြို့ပင်ကောက်မြို့ခံ ဈေးသည်တဦးက ပြောပါတယ်။

ကြို့ပင်ကောက်မြို့မှာ လုယက်မှုတွေဆက်တိုက် ဖြစ်နေတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ယူထားသူတွေအနေနဲ့ လုံခြုံရေးကို အလေးထားဆောင်ရွက်စေချင်တယ်လို့လည်း ဆိုပါတယ်။

 “ပြည်သူတွေအတွက် လုံခြုံရေးက အရမ်းလျော့နေတယ်လို့မြင်တယ်။ အိမ်ဖောက်ထွင်းတာတင် မဟုတ်ပဲ လုယက်တာတွေပါ ဖြစ်လာတယ်ဆိုတော့ ပြည်သူတွေက အားကိုးမဲ့နေကြတယ်။ တာဝန်ယူထားတဲ့သူတွေအနေနဲ့ လုံခြုံရေးကို အလေးထားစေချင်တယ် "လို့ နောက်ထပ် မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

အခုနှစ် ဇူလိုင်လအတွင်းကလည်း ကြို့ပင်ကောက်မြို့မှာ Honda 125 (ကြိုးလိမ်) ၁ စီး၊ Wave 110  ၂  စီးအပါ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်တွေကို နေအိမ် ဘာဂျာတံခါးကိုဖျက်ပြီး ဖောက်ထွင်း ခိုးယူမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ဇွန်လ ၃ ရက် မနက် ၇ နာရီလောက်မှာလည်း ကြို့ပင်ကောက်မြို့မဈေးမှာ ဖွင့်လှစ်ထားတဲ့ ထက်ဝေယံရွှေဆိုင်ကို အမျိုးသားတဦးကသေနတ်နဲ့ပစ်ကာ လုယက်ခဲ့တာကြောင့် ဆိုင်ဝန်ထမ်းအမျိုးသားတဦး ပေါင်ကိုကျည်ထိမှန်ပြီး ရွှေ ၅ ပိဿာ ဆုံးရှုံးခဲ့ပါသေးတယ်။ 

အခုဖြစ်စဉ်တွေဟာ စစ်တပ်ကအာဏာသိမ်းအပြီးနောက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိမှာ နိုင်ငံတဝန်း ကုန်ဈေးနှန်းအဆမတန်မြင့်တက်နေတာကြောင့် ဝင်ငွေနဲ့ လုံလောက်မှုမရှိသလို ပြည်သူတွေအများစုဟာ အလုပ်အကိုင်ရှားပါးမှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ပုံစာ - ကြို့ပင်ကောက်မြို့ပေါ်ရှိ အရုဏ်ဈေး (ပုံဟောင်း)။ 

စာတည်း - လင်း 

 #မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #အရုဏ် #လုယက် #စျေးသည် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10