ကြို့ပင်ကောက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေအိမ်မှာဖမ်းဆီးခံရ

ကြို့ပင်ကောက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေအိမ်မှာဖမ်းဆီးခံရ

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဌေးမင်းသိန်းကို ဧပြီလ ၄ ရက် မနေ့နေလယ် ၁၂ နာရီလောက်မှာ စစ်အုပ်စုကဖမ်းဆီးသွားတယ်လို့ သိရပါတယ်။


ဦးဌေးမင်းသိန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီကနေ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ကြို့ပင်ကောက်မြို့နယ်ပြည်သူ့လွှတ်တော်အမတ်ဖြစ်ပြီး စျေးချိုတောင်ရပ်ကွက်၊ ပွဲစားတန်းလမ်းကသူ့ ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

"မနေ့က ၁၂ နာရီလောက်ကဖမ်းဆီးသွားတာပါ။ သူကသပိတ်ပြီးကာလကတည်းက မလုပ်တော့တာ ကိုယ်စားလှယ်တွေက ၅၀၅ (က) ကဖွင့်ထားတာဘဲ။ ၂ နှစ်နီးပါးလောက်အဆက်အသွယ်မရှိတော့ဘူး။ အခု ပြည်ကိုခေါ် သွားတယ်ကြားတယ်"လို့ ကြို့ပင်ကောက်မြို့နယ်ကိုယ်စားပြု ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် တဦးက မြေလတ်အသံကို ပြောပါတယ်။

ဦးဌေးမင်းသိန်းဟာ ၂၀၁၅ ခုနှစ် နဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွေမှာ ပြည်သူ့လွှတ်တော်အမတ် အဖြစ်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး စစ်အာဏာသိမ်းပြီးချိန် ဆန္ဒပြမှုတွေနောက်ပိုင်း ၂ လခန့် ရှောင်တိမ်းပြီးနောက် နေအိမ်မှာပြန်လည်နေထိုင်တာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်းရှိနေပါတယ်။

ကြို့ပင်ကောက်မြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲကနေ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ဦးဌေးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်အမတ်အဖြစ် ၂ ဦးရွေးချယ်ခံခဲ့ရရာ လက်ရှိမှာ တိုင်းဒေသကြီးအမတ်တဦးဖြစ်သူ ဦးအောင်ကိုမင်းဟာ စစ်ကောင်စီထံမှာခံဝန်ထိုးပြီး ကြို့ပင်ကောက်မြို့နေအိမ်မှာပဲ နေထိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။
စာတည်း- ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10