ကြို့ပင်ကောက်မြို့ပေါ်က စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ

ကြို့ပင်ကောက်မြို့ပေါ်က စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့ပေါ်က စစ်ကောင်စီဂိတ်ကို ဇန်နဝါရီ ၂၅ ရက် မနေ့က နေ့လယ် ၁ နာရီခွဲလောက်မှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ HERO ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။

ကြို့ပင်ကောက်မြို့၊ ရန်ကုန် - ပြည်လမ်းဘေးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက အင်အား ၁၀ ဦးလောက်ရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"၂ ကောင်လောက်ကတော့ ပွဲချင်းပြီးသေတယ်။ ၃ ကောင်ကတော့ ဒဏ်ရာရတယ်။ အဲ့ ၃ ကောင်ကို သတင်းပွမှာစိုးလို့ ဆေးရုံမတင်ဘဲ စခန်းထဲကို ပြန်ခေါ်သွားတယ်လို့ သတင်းရတယ်"လို့ HERO ပြောက်ကျားတပ်ဖွဲ့က ဗိုလ်မိုးကြိုးက ပြောပါတယ်။

တိုက်ခိုက်ရေးပြုလုပ်ချိန်မှာ ပြည်သူတွေသွားလာနေတဲ့အတွက် ပစ်ခတ်ရာမှာ အဆင်မပြေမှုတွေလည်း ရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ 

ကြို့ပင်ကောက်မြို့ခံတဦးကလည်း တိုက်ခိုက်ချိန်မှာ စစ်အုပ်စုဘက်က ချက်ချင်းပြန်ပစ်နိုင်တာမျိုးမရှိသလို တိုက်ခိုက်ရေးရဲဘော်တွေ ရန်ကုန်ဘက်ကို ဆိုင်ကယ်နဲ့ ပြန်ထွက်သွားပြီးမှ လိုက်လံပစ်ခတ်တာဖြစ်ပြီး သေနတ်သံတွေဟာ မြို့ပေါ်မှာ ဆူညံသွားပေမယ့် တိုက်ခိုက်ရေးရဲဘော်တွေကို ဖမ်းဆီးနိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။

ဒါ့အပြင် တိုက်ခိုက်ခံရလို့ သေဆုံးထိခိုက်မှုကိုတော့ မကြားမိသလို သေဆုံးနဲ့ ဒဏ်ရာရရှိသူတွေကို သယ်လေ့ရှိတဲ့ ပရဟိတအသင်းကားတွေ သွားလာတာမျိုး မတွေ့ရဘူးလို့လည်း အဲဒီမြို့ခံကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂ဝရက် ညပိုင်းကလည်း ပဲခူးတိုင်းအနောက်ခြမ်း သုံးဆယ်မြို့ရဲစခန်းကို သာယာဝတီဂဠုန်တပ်ဖွဲ့က လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့လို့ ရဲတဦးသေနတ်ကျည်ထိမှန်သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - ကြို့ပင်ကောက်က စစ်ကောင်စီဂိတ်ကို တိုက်ခိုက်မှုမြင်ကွင်း။

စာတည်း - လင်း

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ပဲခူးတိုင်း #သာယာဝတီ #ကြို့ပင်ကောက် #စစ်တပ်ဂိတ် #ပစ်ခတ် #တပ်ရင်း၃၈၀၁ #Heroပြောက်ကျားတပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10