ကြို့ပင်ကောက်မှာ စစ်မှုထမ်းကြေးအဓမ္မကောက်တဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

ကြို့ပင်ကောက်မှာ စစ်မှုထမ်းကြေးအဓမ္မကောက်တဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်က စစ်မှုထမ်းကြေးအဓမ္မကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူးတဦးကို သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ BTZM GBK PDF က သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူမှာ မြို့ကိုင်းအုပ်စု၊ ‌ချောင်းခွရွာနေ အုပ်စုအုပ်ချုပ်ရေးမှူး အသက် ၄၅ နှစ်ဝန်းကျင် ကိုရန်အောင်စိုး ဆိုသူဖြစ်ပြီး ဩဂုတ် ၂၅ ရက် မနေ့မနက် ၁၁ နာရီခွဲလောက်က ညောင်ပင်သာရွာဆည်မြောင်းဘောင်အနီးမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“ဒီကောင် ဆိုင်ကယ်နဲ့တယောက်တည်း ကြို့ပင်ကောက်မြို့ဘက်က ပြန်လာတာ။ ကျနော်တို့က သေနတ်နဲ့ပစ်တော့ သူက ဆိုင်ကယ်ပေါ်က ဆင်းပြေးတာ။ ဦးတည်ရာကို ပြေးတာ ၁ မိုင်နီးပါးရှိတယ်။ ခွေးရူးလိုက်ရိုက်ရသလိုပဲ။ “ လို့ BTZM GBK PDF တပ်ခွဲမှူး တေဇမင်းက ပြောပါတယ်။

အဲဒီအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ဖို့အတွက် တော်လှန်ရေးရဲဘော်တွေဟာ ဩဂုတ် ၂၂ ရက်က စတင်ပြီး ကင်းပုန်းဝပ်ကာ စောင့်ကြည့်ခဲ့ရတာဖြစ်ပြီး သေဆုံးရုပ်အလောင်းကိုတော့ အဲဒီနေ့မှာပဲ ဇီးကုန်းမြို့နယ် အလယ်ကုန်းနယ်မြေရဲစခန်းက ရဲတွေ လာရောက်သယ်ဆောင်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

ကိုရန်အောင်စိုးဟာ ၎င်းအပိုင်ကျေးရွာအုပ်စုအတွင်း စစ်မှုထမ်းတပ်သားသစ် အဓမ္မစုဆောင်းတာ၊ ခြိမ်းခြောက်ငွေညှစ်တာတွေ အကြိမ်ကြိမ်ပြုလုပ်နေလို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ခွဲနဲ့ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ နတ်စစ်သည်အဖွဲ့တို့ ပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖုန်းတလုံးနဲ့ လောက်လေးခွကို သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

BTZM GBK PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက် ညကလည်း ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု အုပ်ချုပ်ရေးမှူးကိုမြင့်တင်ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ -  သေဆုံးနေသည့် အုပ်ချုပ်ရေးမှူးအလောင်း။ 

စာတည်း- ဟိန်းစံ။

#မြေလတ်အသံ

#ကြို့ပင်ကောက် #အုပ်ချုပ်ရေးမှူး #ပစ်ခတ် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10