ကြို့ပင်ကောက်မှာ စစ်အုပ်စုစခန်းကို ဝင်တိုက်ချိန် ကျည်မလုံလောက်လို့ PDF တွေ နောက်ပြန်ဆုတ်ရ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်အုပ်စုစခန်းကို တိုက်ခိုက်ချိန် ကျည်မလုံလောက်လို့ နောက်ပြန်ဆုတ်ခဲ့ရတယ်လို့  သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁၊ YOMA (GBK) PDF တပ်ခွဲမှူး ရဲဘော်ကရင်လေး က ပြောပါတယ်။

ကြို့ပင်ကောက်မြို့နဲ့  ၁၂ မိုင်ခန့်အကွာ ကွင်းချောင်းအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးခေါင်းဆောင် တာဝန်ယူထားတဲ့  ကွင်းချောင်းကျေးရွာက စိုးမင်းနိုင်ရဲ့ နေအိမ်မှာ ဘန်ကာနဲ့ ကတုတ်ကျင်းတွေတူးကာ အခိုင်အမာဆောက်ပြီး စစ်အုပ်စုအင်အား ၃၅  ဦးခန့်တပ်စွဲထားတာကို  စက်တင်ဘာ ၇ ရက် မနက် ၅  နာရီကနေ ၂ နာရီခွဲကြာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီစစ်အုပ်စုဟာ ပြည်သူတွေအပေါ်မှာ အဓမ္မပေါ်တာဆွဲတာ၊ ပြည်သူများအပေါ် ငွေကောက်ခံတာနဲ့ အမျိုးသမီးတွေအပေါ်မှာ လိင်အကြမ်းဖက်မှုတွေ ပြုလုပ်တာတွေလည်းရှိပြီး တိုက်ခိုက်ချိန်မှာ ပျူစောထီး ၃ ဦးနဲ့ စစ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိသလို YOMA (GBK) PDF က ပြည်သူ့ကာကွယ်ရေးရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ 

YOMA (GBK) PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ အခါအခွင့်သင့်သလို စစ်ရေးအရှိန်မြှင့်တင်သွားမှာမို့  ပြည်သူတို့အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပျုူစောထီးတွေနဲ့  ထိတွေ့သွားလာတာတွေ  မပြုလုပ်ဖို့လည်း  အသိပေးထားပါသေးတယ်။

လက်ရှိမှာ စစ်ရေးပြင်ဆင်နေရတဲ့အတွက် ကျဆုံးရဲ‌ဘော်အလောင်းကို စက်တင်ဘာ ၉ ရက် ဒီနေ့ထိသင်္ဂြိုဟ်နိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA (GBK) PDF၊ တပ်ခွဲ ၆ AYEYAR NYI NAUNG စစ်ကြောင်း၊ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၁ DRAGON BROTHER (GBK) PDF၊ တပ်ခွဲ ၄ အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့နဲ့  တပ်ခွဲ ၆ BLACK DRAGON (GBK) PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်ကလည်း ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ရွာအနီးက စစ်သားအင်အား ၂၆ ဦးပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အသာစီးနဲ့တိုက်ခိုက်ချိန်မှာလည်း ကျည်မလုံလောက်တဲ့အတွက် နောက်ပြန်ဆုတ်ခဲ့ရပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကြို့ပင်ကောက် #စစ်အုပ်စုစခန်း #တိုက်ပွဲ #လက်နက်ခဲယမ်း #မလုံလောက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10