ကြို့ပင်ကောက်မှာ ယာဥ်တိုက်မှုဖြစ်လို့ တဦးသေပြီး သုံးဦးဒဏ်ရာရ

ကြို့ပင်ကောက်မှာ ယာဥ်တိုက်မှုဖြစ်လို့ တဦးသေပြီး သုံးဦးဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့မှာ ဖေဖေါ်ဝါရီလ ၁၅ ရက် ညနေ ၅ နာရီခွဲလောက်က ယာဉ်တိုက်မှုဖြစ်ပြီး တဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

ကြို့ပင်ကောက်မြို့၊ ရန်ကုန် - ပြည်ကားလမ်း "ဝေဝေဆာဆာ"အအေးဆိုင်အနီးမှာ ပြည်ဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းလာတဲ့ ချယ်ရီမြိုင်ကျောင်းတိုက် စာတန်းရေးသားထားပြီး သာသနာ့အလံလွှင့်ထူထားတဲ့ Nissan X trail အနက်ရောင်ကားက စက်ဘီးတစီးကို ၀င်တိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီယာဥ်တိုက်မှုကြောင့် စက်ဘီးနင်းသူ အသက် ၇၀ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့တာပါ။

 

"သေဆုံးတဲ့ဦးလေးက စက်ဘီးစီးနေတာကို ကားက အရှိန်လွန်ပြီး နောက်ကတိုက်တာ။  စက်ဘီးသမားက ပွဲချင်းပြီးဆုံးသွားတယ်" လို့ မြို့ခံတဦးကပြောပါတယ်။

 

ဒါ့အပြင် အဲဒီကားဟာ အမျိုးသမီးတဦးမောင်းနေတဲ့ ဆိုင်ကယ်တစီးနဲ့ လမ်းဘေးမှာ အလုပ်လုပ်နေတဲ့ အမျိုးသား ၂ ဦးကိုလည်း ဝင်တိုက်ခဲ့ရာ အဲဒီသုံးဦးကတော့ ဒဏ်ရာရရှိသွားတယ်လို့ သူကဆက်ပြောပါတယ်။

 

သေဆုံးသူနဲ့ ဒဏ်ရာရလူနာ သုံးဦးကို ကြို့ပင်ကောက် နာရေးကူညီမှုအသင်းကားနဲ့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

 

သေဆုံးသူကို ဖေဖေါ်ဝါရီလ ၁၆ ရက် ဒီနေ့မွန်းလွဲပိုင်းမှာ သင်္ဂြိုဟ်မှာဖြစ်တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက် နေ့လယ်ပိုင်းကလည်း ကြို့ပင်ကောက်မြို့နယ်၊ ခုနှစ်ရွာအနီး ရန်ကုန် - ပြည် မီးရထားလမ်းမှာ အမျိုးသားတဦး ရထားတိုက်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

 

 

ပုံစာ - ကြို့ပင်ကောက်မြို့က ယာဉ်တိုက်မှုမြင်ကွင်း။

 

စာတည်း - လင်း

 

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #ယာဉ်တိုက်မှု #အမျိုးသားသေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10