ကြို့ပင်ကောက်မှာ သစ်လုပ်ငန်းဝန်ထမ်းနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၅ ဦးသေ

ကြို့ပင်ကောက်မှာ သစ်လုပ်ငန်းဝန်ထမ်းနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၅ ဦးသေ

ပဲခူတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်က ဆင်စခန်းဟောင်းကို မီးရှို့ပြန်လာတဲ့ မြန်မာ့သစ်လုပ်ငန်းဌာနက ဝန်ထမ်းတွေနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာ ၅ ဦးသေပြီး ပစ္စည်းအချို့ သိမ်းဆည်းခဲ့တယ်လို့ YOMA GBK PDF က သတင်းထုတ်ပြန်ထားပါတယ်။

ကြို့ပင်ကောက်မြို့နယ်၊ ဆင်ဝိုင်းရွာ ဆင်စခန်းဟောင်းကို ဖေဖေါ်ဝါရီ ၁၇ ရက် မနက်အစောပိုင်းမှာ သစ်လုပ်ငန်းဝန်ထမ်းနဲ့ ပျူစောထီးအင်အား ၂၀ ဦးလောက်က မီးရှို့ပြန်လာချိန် မနက် ၉ နာရီလောက်က ကွင်းချောင်းအုပ်စု၊ ညောင်ပင်အိုင်ရွာအနီး ဝါးရုံအောက်မှာ နားနေချိန် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် ကြို့ပင်ကောက်မြို့နယ် မြန်မာ့သစ်လုပ်ငန်းက သစ်အုပ် ကိုကျော်ဆန်းဝင်း၊ ချောင်းခေါင်း ကိုကျော်စွာဝင်း၊ ချောင်းခေါင်း ကိုခင်ရင်နဲ့ ပျူစောထီးတွေဖြစ်တဲ့ ကိုဇော်ဝင်း၊ ကိုသက်နိုင်ထွန်းတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ဝါးရုံအောက်မှာ နားနေတဲ့အချိန်မှာ တိုက်ရင်း သေကုန်ကြတာ။ သူတို့ဘက်ကလည်း ၄၀ မမတွေ လက်နက်ငယ်တွေနဲ့ ပစ်ကြတာ ၁၅ မိနစ်လောက်ကြာတယ်။ ကျန်တဲ့ပျူစောထီးတွေကတော့  ထွက်ပြေးကုန်ကြတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ (YOMA GBK- PDF) တပ်ခွဲမှူး ကိုကရင်လေးက ပြောပါတယ်။

တိုက်ခဲ့ပြီးနောက် ဆိုင်ကယ် ၃ စီး၊ ဖုန်း ၅ လုံးနဲ့ သစ်တောဝန်ထမ်းကဒ်တွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဖေဖေါ်ဝါရီ ၁၈ ရက် ဒီမနက်မှာတော့ သေဆုံးသူတွေရဲ့အလောင်းကို YOMA GBK တပ်ဖွဲ့ဝင်တွေက စနစ်တကျ မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့  တပ်ခွဲမှူး ကိုကရင်လေးက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုဘက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းအုပ်စု၊ ကုန်ရွာအနီးကို ဒီနေ့မနက်ပိုင်းမှာပဲ ကင်းလှည့်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ကလည်း အုတ်ဖိုမြို့ နယ်၊ ကမ်းနီရွာနဲ့ ဆင်တဲကုန်းရွာက ပြည်သူတွေကို ပြည်သူ့စစ်အဖြစ်စုဆောင်းနေတဲ့ စစ်အုပ်စုဝင်တွေကို ကမ်းနီရွာထိပ်မှာ YOMA GBK နဲ့ မဟာမိတ်တပ်ဖွဲ့ တို့ပေါင်းပြီး တိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #မြန်မာ့သစ်လုပ်ငန်းဌာန #ပျူစောထီး #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10