ကြိုးကြာကန်ရွာက နေအိမ် ၁၃ လုံးကို စစ်ကောင်စီမီးရှို့

ကြိုးကြာကန်ရွာက နေအိမ် ၁၃ လုံးကို စစ်ကောင်စီမီးရှို့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြိုးကြာကန်ရွာက နေအိမ် ၁၃ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက် ဆီးသွားတဲ့အပြင် အိမ်မွေးတိရိစ္ဆာန်တချို့ကိုလည်း မီးရှို့သတ်သွားတယ်လို့ မုံရွာခရိုင်တပ်ရင်း ၂ ဆီက သိရပါတယ်။ 

မင်းတဲရွာမှာ အင်အား ၄၀ ဝန်းကျင်နဲ့ တညအိပ်စခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဲ့ဒီရွာနဲ့ ၂ မိုင်ကျော်လောက်ဝေးတဲ့ ကြိုးကြာကန်ရွာကို ဖေဖော်ဝါရီ ၈ ရက် မနေ့ကမနက် ၇ နာရီလောက်မှာ ပစ်ခတ်ဝင်ရောက်လာပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ 

“ရွာထဲမှာ ရွာသားတွေရဲ့ပစ္စည်းတွေကို ဝင်မွှေပြီးမှ မီးရှို့သွားတာ။ အိမ်တွေရော၊ တဲတွေရော ရှို့သွားတယ်။ ရွာသားတွေ ဖမ်းဆီးခံရတာမျိုးတော့ မရှိဘူး။ ဝက် ၁ ကောင်နဲ့ သိုး ၅ ကောင်ကတော့ သေသွားတယ်” မုံရွာခရိုင်တပ်ရင်း ၂ မှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ရွာအနီးကို စစ်ကြောင်းထိုးလာချိန်မှာ ကင်းလှည့်နေတဲ့ရဲဘော် ၂ ဦးက တွေ့ရှိပြီး ဒေသခံတွေကို အချိန်မီသတင်းပေးနိုင်ခဲ့တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ပြီး ကျန်းမာရေးမကောင်းတဲ့ အဖွားတဦးသာ ရွာထဲမှာကျန်ခဲ့ပြီး ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

နေအိမ်တွေကို မီးရှို့ခံရတာနဲ့ပတ်သက်ပြီး ကြိုးကြာကန်ရွာသားတဦးကတော့ “ဒီကောင်(စစ်သား)တွေက ပြောစရာစကားမရှိလောက်အောင် ညစ်ပတ်စုတ်ပြတ်နေတာပဲ။ အကုန်လုံးကို မီးလိုက်ရှို့နေတယ်။ ကျနော်တို့လည်း ပြောပြမတတ်အောင်ဝမ်းနည်းတယ်။ တချို့ဆို နေစရာ အိမ်၊ တဲ တခုမှကို မရှိတော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ရွာကိုမီးရှို့ပြီး မနက် ၈ နာရီလောက်မှာ မင်းတဲရွာကို ပြန်သွားကာ စစ်ကြောင်းထွက်သွားပြီး နာရီဝက်လောက်အကြာမှာ ဒေသခံတွေနဲ့ ကာကွယ်ရေးရဲဘော်အချို့က ရွာထဲပြန်ဝင်ပြီး မီးလောင်နေတဲ့ နေအိမ်တွေကို မီးငြိမ်းသတ်နိုင်ခဲ့ကြပါတယ်။  

အိမ်ခြေ ၈၀ ဝန်းကျင်ရှိတဲ့ ကြိုးကြာကန်ရွာဟာ အခုလိုမီးရှို့ခံရတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ကြိုးကြာကန် #စစ်တပ် #ရွာမီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10