ကြံတတန်လျှင် ကျပ် ၁ သိန်းအထိ ဈေးမြှင့်ပေးသော်လည်း တောင်သူတွေ တွက်ခြေမကိုက်

ကြံတတန်လျှင် ကျပ် ၁ သိန်းအထိ ဈေးမြှင့်ပေးသော်လည်း တောင်သူတွေ တွက်ခြေမကိုက်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ နဝဒေးသကြားစက်ကနေ ဒီနှစ်ဒီဇင်ဘာလ ကြံပေါ်တဲ့ရာသီမှာ ကြံတတန်ကို ကျပ် ၁ သိန်းဈေးနူန်းနဲ့ ဝယ်ယူမယ်လို့ ဈေးမြှင့်ပေးထားသော်လည်း ကြံတောင်သူတွေအတွက် တွက်ခြေမကိုက်ဘူးလို့ ပြည်မြို့နယ်ထဲမှ ကြံစိုက်တောင်သူတဦးက ပြောပါတယ်။ 

ပြည်မြို့ နဝဒေးသကြားစက်ကနေ ဩဂုတ်လ ၁၁ ရက်စွဲနဲ့  ၂၀၂၃-၂၀၂၄ ကြံရာသီမှာ သန့်ရှင်း လတ်ဆတ်တဲ့ ကြံတတန်ကို စက်ရုံအရောက်ဈေး ကျပ် ၁ သိန်းနဲ့ဝယ်ယူမယ်လို့  ကြံစိုက်တောင်သူတွေကို အသိပေးထားတဲ့အပေါ်မှာ ကြံစိုက်တောင်သူတွေက အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

မနှစ်က ကြံတတန်လျှင် ၇၅,၀၀၀ ကျပ် ဈေးပေးခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာ ကြံတတန် ကျပ် ၁ သိန်းတိုးမြှင့်ပေးထားတာ မှန်သော်လည်း လက်ရှိမှာ လုပ်သားစရိတ်၊ ထွန်ယက်ခနဲ့ မြေဩဇာဈေးနှုန်းတွေဟာ အဆမတန်မြင့်တက်နေတာဖြစ်တာကြောင့် ဒီနှစ်အတွက် ကြံတတန်လျှင် ကျပ် ၁၃၀,၀၀၀ နဲ့ ၁၅၀,၀၀၀ ဝန်းကျင်ဈေးရမှသာ ကြံစိုက်တောင်သူတွေ တွက်ခြေကိုက်နိုင်မယ်လို့ ဆိုပါတယ်။ 

ကြံကို နှစ်ပတ်လည်စိုက်ပျိူးရတာဖြစ်ပြီး ရင်းနှီးရငွေ၊ အချိန်ကာလကြာမြင့်မှုနဲ့ မိသားစုလုပ်အားတွေကိုပါ တွက်ချက်ပါက အခုနှစ်ဝယ်ယူမယ့် ကျပ် ၁ သိန်းဈေးနဲ့ ကြံတဧက က ရရှိငွေဟာ နည်းပါးလွန်းတယ်လို့ သူကဆက်ပြောပါတယ်။

ကြံကို စနစ်တကျစိုက်ပျိုးပါက တဧကကို ပျှမ်းမျှတန် ၃၀ လောက်ထွက်ပြီး ထွန်ယက် စိုက်ပျိုးတာကနေ ဈေးကွက်ရောက်တဲ့အထိ ကျပ်သိန်း ၂၀ လောက် ကုန်ကျတယ်လို့ ဆိုပါတယ်။

ကြံတနှစ်စိုက်ပျိုးလျှင် ၂ နှစ် ခုတ်ယူရောင်းချရပြီး ပထမနှစ် ခုတ်ပြီးသား ကြံခင်းကနေ ပြန်လည်ထွက်ရှိတဲ့ သားတက်ကို ပြန်လည်ပြုပြင် ပေါင်းသင်မြေဆွကာ ပြန်လည်စိုက်ပျိုးကြတာဖြစ်ပြီး အဲ့ဒီစိုက်ပျိုးနည်းကတော့ ၁ ဧက ကုန်ကျစရိတ် ကျပ် ၁၀ သိန်းဝန်းကျင်ခန့်ရှိသလို ထွက်နှုန်းမှာလည်း ၁၀ တန်ကျော်ခန့်သာ ထွက်ရှိတယ်လို့ ဆိုပါတယ်။ 

ကြံတဧကစိုက်ခင်းကို ကြံပေါ်တဲ့အချိန်အထိ မြေဩဇာအနည်းဆုံး ၅ အိတ်ထည့်သွင်းပေးရပြီး ပြီးခဲ့တဲ့နှစ်က ၁ အိတ်ကို ကျပ် ၉ သောင်းခွဲ ဈေးပေါက်ရာက ဒီနှစ်မှာ ကျပ် ၁ သိန်း ၁ သောင်းခွဲ ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကြံကိုအဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

ပုံစာ - နဝဒေးသကြားစက်တွင် ကြံရာသီအရောင်းလာရောက်ကြသည့် ကြံတင်ကားများ။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပြည်မြို့ #နဝဒေးသကြားစက် #ကြံစိုက်ခင်း #ကြံဈေးနှုန်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10