ကြံ့ခိုင်ရေးပါတီမြို့နယ် EC ဦးဆောင်တဲ့ လောင်းကစားဝိုင်း ဗုံးခွဲခံရ

ကြံ့ခိုင်ရေးပါတီမြို့နယ် EC ဦးဆောင်တဲ့ လောင်းကစားဝိုင်း ဗုံးခွဲခံရ

ပဲခူးတိုင်း(အနောက်ခြမ်း)၊ မိုးညိုမြို့နယ်က လောင်းကစားဝိုင်းကို မတ်လ ၁၇ ရက်မနေ့ မနက်အစောပိုင်းက ဗုံးခွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်မှုတွေရှိတယ်လို့ မိုးညိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မိုးညိုမြို့နယ်၊ ရေကင်းနယ်မြေရဲစခန်းအနောက်ဘက် ၄ ဖာလုံလောက်မှာ ပြုလုပ်နေတဲ့လောင်းကစားဝိုင်းကို မနေ့မနက်အစောပိုင်း ၁ နာရီလောက်မှာ လက်ပစ်ဗုံး ၂ လုံးနဲ့ပစ်ခတ်ခဲ့လို့ အနည်းဆုံး ၈ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

"မိုးညိုနယ်တလွှားမှာက လောင်းကစားဝိုင်းလုပ်နေတာက ကြာပြီ။ အနည်းဆုံး ၆ လလောက်ရှိမယ်။ ဗုံးခွဲသတိပေးလည်း ဆက်လုပ်တယ်။ စာထုတ်လည်း ဆက်လုပ်နေတယ်။ ပြည်သူရဲ့အကျိုးစီးပွားကို ထိခိုက်လာလို့ တိုက်ခိုက်ရတာဖြစ်တယ်" လို့ မိုးညိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အဓိကက စစ်ကောင်စီက လူထုကိုအကျင့်စာရိတ္တ ပျက်ပြားအောင်လုပ်ရင် သူတို့အုပ်ချုပ်လို့ရတယ်ဆိုတာကို သူတို့သိထားပြီး အဲဒါကို ဗျူဟာတခုလို လုပ်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုချက် မရရှိပေမယ့် ဒေသခံတဦးကတော့ သေဆုံးသူ ၃ ဦးအထိရှိတယ်လို့ ဆိုပါတယ်။

အဲဒီလောင်းကစားဝိုင်းကို စစ်ကောင်စီခန့် ရေကင်းရွာအုပ်ချုပ်ရေးမှူး ကိုမင်းဇော်နဲ့ မိုးညိုမြို့နယ် ကြံ့ခိုင်ရေးမြို့နယ် အလုပ်အမှုဆောင် ကိုခင်မောင်ဝင်းတို့က စစ်ကောင်စီကို လိုင်းကြေးပေးကာ ပြုလုပ်နေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုးညိုမြို့နယ်မှာ စစ်ကောင်စီက လောင်းကစားသမားတွေဆီက လိုင်းကြေးယူကာ ပြုလုပ်နေလို့ မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လောင်းကစားဝိုင်းတွေမလုပ်ဖို့ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၁၆ ရက်က ကြိုတင်သတိပေးစာ ထုတ်ပြန်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့မတ်လ ၁၄ ရက်ညကတော့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တခုဖြစ်တဲ့ ပေါင်းတည်မြို့က စစ်တပ်သတင်းပေးလည်းဖြစ် လောင်းကစားဝိုင်းတွေ ဦးဆောင်လုပ်နေသူ ၁ ဦးကိုတော့ သူနေထိုင်တဲ့ လက်ပံပါးပျဥ်းရွာထိပ်မှာ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃၆၀၁ တပ်ခွဲ ၅ နွေဦးတပ်ဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10