ကြံ့ခိုင်ရေး စည်းရုံးရေးမှူးဦးဆောင်တဲ့ လောင်းကစားဝိုင်းကို စစ်အုပ်စုဝင်ဖမ်း

ကြံ့ခိုင်ရေး စည်းရုံးရေးမှူးဦးဆောင်တဲ့ လောင်းကစားဝိုင်းကို စစ်အုပ်စုဝင်ဖမ်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ရဲကင်းအပိုင် အုန်းနှဲစမ်းရွာက လောင်းကစားဝိုင်းကို မတ်လ ၃၀ ရက်မနေ့ကနေ့လယ် ၂ နာရီလောက်မှာ စစ်အုပ်စုက ဝင်ဖမ်းပြီး လောင်းကစားနဲ့ ဆက်စပ်ပစ္စည်းအချို့ကိုသာ သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

မှတ်တိုင်ရဲစခန်းလက်အောက်ခံ ကြာနီကန်ရဲကင်းက စစ်သားနဲ့ရဲ ၈ ဦးဟာ အုန်းနှဲစမ်းရွာက ဉာဏ်ကျယ်ကြီး (ခ) မျိုးသန်းထိုက်ရဲ့ နေအိမ်ရှေ့ခြံဝန်းထဲမှာ လောင်းကစားဝိုင်း ပြုလုပ်နေချိန် မနေ့ကနေ့လယ် ၂ နာရီလောက်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။


"လောင်းကစားဝိုင်းကို အုန်းနှဲစမ်းရွာက ကြံ့ခိုင်ရေးစည်းရုံးရေးမှူး နတ်စိန် (ခ) စိုးမြင့်နဲ့ ဉာဏ်ကျယ်ကြီးတို့ဦးဆောင်ပြီး လိုင်းကြေးပေးလုပ်နေတာ။ စစ်သားနဲ့ရဲတွေက လိုင်းကြေးယူထားတော့ အဖမ်းပြရတာ။ ဝင်လာကတည်းက သေနတ်တွေပစ်ဖောက်တော့ အကုန်ပြေးတာပေါ့။ သူတို့တကယ်ဖမ်းရင် မိပါလျက်နဲ့ မဖမ်းတာ။ PDF ကိုဖမ်းမယ်ဆို အဲ့လိုသေနတ်ဖောက်ပြီး လာဖမ်းလို့လား" လို့ လောင်းကစားဝိုင်းကို သွားရောက်ခဲ့သူတဦးက ပြောပါတယ်။

လောင်းကစားဝိုင်းအတွင်းရှိ ဆိုင်ကယ် ၃ စီးနဲ့ ဂျုံးဂျုံးကျ ခုံကို သိမ်းဆည်းသွားပြီး၊ ဦးဆောင်သူ ၂ ဦးကတော့ လက်ရှိမှာ တိမ်းရှောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။ လောင်းကစားဝိုင်းပြုလုပ်တဲ့ နေအိမ်ပိုင်ရှင်နဲ့ ဦးဆောင်သူ ကိုစိုးမြင့်တို့ကို ရဲက လိုက်လံဖမ်းဆီးတာမျိုးမရှိတဲ့အတွက် လောင်းကစားဝိုင်းတွေ ပြန်လုပ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

မှတ်တိုင်ရဲစခန်းနယ်မြေထဲမှာ လောင်းကစားဝိုင်းတွေကို အခုနှစ် နိုဝင်ဘာလလောက်ကတည်းက ပြုလုပ်နေကာ မဲခေါင်းရွာမှာ စနေ၊ တနင်္ဂနွေ၊ တနင်္လာ၊ ကျွဲတဲကြီးရွာမှာ အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ လက်ပံပါးပျဥ်းရွာမှာ ကြာသာပတေးနဲ့ သောကြာနေ့တို့မှာ ပြုလုပ်နေပြီး အခုဖမ်းဆီးတဲ့ အုန်းနှဲစမ်းရွာ လောင်းကစားဝိုင်းကတော့ နေ့စဥ်ပြုလုပ်နေတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကတော့ ကျွဲတဲရွာ လောင်းကစားဝိုင်းကနေ ပြန်လာတဲ့ လက်ပံပါးပျဉ်းရွာက လောင်းကစားဒိုင် ကိုမောင်းဝင်းကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ် ရှင်းလင်းခဲ့ပါသေးတယ်။

စစ်ကောင်စီက ပေါင်းတည်မြို့နယ်အတွင်းရှိ ပြည်သူတွေဆီကနေ စိုက်ပျိုးစရိတ် ချေးငွေနဲ့ သမချေးငွေတွေကို အဓမ္မတောင်းခံနေသလို တဖက်မှာလည်း လောင်းကစားဝိုင်းတွေကို လိုင်းကြေးယူကာ ကျင်းပပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ - ပေါင်းတည်မြို့နယ်အတွင်းက လောင်းကစားဝိုင်းအချို့။ (ပုံဟောင်း)

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10