ကြွယ်ပုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူတွေ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူ‌စောထီးတွေကို ဖေဖော်ဝါရီ ၁၂ ရက်မှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ Zero ပြောက်ကျား တပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။

“အင်အား၂၀၀ ဝန်းကျင်နဲ့တပ်စွဲထားတဲ့ စစ်အုပ်စုကြွယ်ပုံရွာစခန်းက စစ်သား နဲ့ ပျူစောထီးတွေကို ၅ နာရီကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ ၁၂ ရက်နေ့က ပြည်ထောင်စုနေ့ အထိမ်းအမှတ်နဲ့ ဝင်ရောက်တိုက်ခိုက်တာ။ လုံခြူံရေးအခြေနေကြောင့် ဒီနေ့မှထုတ်ပြန်တာပါ။" လို့ ဗိုလ်သက်ကြီးက ပြောပါတယ်။

တိုက်ပွဲချိန်က ၅ နာရီကျော်ကြာအချိန်အတွင်းမှာ ထိထိမိနဲ့ အကောင်းဆုံး တိုက်ခိုက်နိုင်ခဲ့ပေမယ့် ရန်သူ့ဘက်က စစ်အင်အား ကား ၅ စီးနဲ့ အဆမ တန်ရောက်လာလို့ နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ဆက်ပြောပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီး စစ်ကောင်စီဘက်က Drone နဲ့ ဗုံးကြဲတာကြောင့် ကာကွယ်ရေး ရဲဘော်တဦးကျဆုံးခဲ့သလို ရဲဘော်တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ကြွယ်ပုံရွာစခန်းမှာ စစ်သား ၆၀ ဝန်းကျင် ပျူစောထီးတွေနဲ့ပေါင်းရင် အင်အား၂၀၀ ဝန်းကျင်ရှိပြီး လက်ရှိအချိန်အထိ အဲဒီဘက်နယ်မြေမှာ ထူးခြားမှုတစုံတရာ မရှိသေးဘူးလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်၊ နဂါးနီ(ကျောက်ဆည်) အဖွဲ့ ၊ စစ်ကိုင်းခရိုင် ပကဖ အဖွဲ့တွေ နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်ကလည်း စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ က ထွက်လာတဲ့ စစ်ကား ၁ စီးကို ရွာမနဲ့ နတ်ခရိုင်ရွာအကြားမှာ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။

သတင်း − ဒိန်းဂျား၊ တည်းဖြတ် - ခင်

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10