ကွင်းဆင်းမှုမရှိသလို အိမ်ထောင်စုဝင်လည်းမပါဘဲ သန်းခေါင်စာရင်းအချက်အလက်တွေဖြည့်နေ

ကွင်းဆင်းမှုမရှိသလို အိမ်ထောင်စုဝင်လည်းမပါဘဲ သန်းခေါင်စာရင်းအချက်အလက်တွေဖြည့်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်အတွင်း သန်းခေါင်းစာရင်းကောက်ယူရာမှာ ရပ်ကွက်နဲ့ ကျေးရွာတိုင်းကို ကွင်းဆင်းကောက်ယူတာမျိုးမရှိဘဲ မြို့‌ပေါ်အထိုင်စုရပ်ကနေသာ အချက်အလက်တွေကို ဖြည့်နေတယ်လို့ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူ ၁ ဦးဆီက သိရပါတယ်။

ပေါင်းတည်မြို့ပေါ်မှာ ရပ်ကွက် ၁၂ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၄၃ စုရှိပြီး ဟန်ပြသန်းခေါင်စာရင်းကောက်ယူမှုကိုတော့ စျေး ၁၊ အုတ်ဖို ၁ နဲ့ ဟင်္သာကန် စတဲ့ရပ်ကွက်အချို့မှာပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

အောက်တိုဘာ ၅ ရက်ကစတင်ပြီး မြို့ပေါ်ရှိ ပျဉ်းပင်ကန်ရပ်ကွက်အပြင် ကြို့ပင်သာ၊ ကြာနီကန်၊ မဲခေါင်းစတဲ့ မြို့နယ်အတွင်းအုပ်စုတွေက အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်တွေကို မြို့ပေါ်အထိုင်စုရပ်ဖြစ်တဲ့ မြို့နယ်အားကစားခန်းမထဲကိုခေါ်ကာ ဒေသခံအိမ်ထောင်စုတွေရဲ့ အချက်အလက်တွေကို အိမ်ထောင်စုဝင်တွေမပါဘဲ ဖြည့်ကြတာလို့ ဆိုပါတယ်။

"သန်းခေါင်စာရင်းအဖွဲ့တွေက ရပ်ကွက်တွေ ရွာတွေဘက်ကိုဆင်းမကောက်ဘူး။ အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို မြို့ခေါ်တယ်။ သန်းခေါင်စာရင်းအဖွဲ့တွေနဲ့ ပေါင်းပြီး သူတို့ရပ်ရွာထဲက အိမ်ထောင်စုတွေကို သန်းခေါင်စာရင်းစာရွက်တွေထဲဖြည့်ကြတာ။ ရမ်းဖြည့်တာပေါ့။"လို့  မြို့နယ်အုပ်ချုပ်ရေးဌာနနဲ့ နီးစပ်သူ ၁ ဦးက ပြောပါတယ်။

ပျဉ်းပင်ကန်ရပ်ကွက်က အမျိုးသမီး ၁ ဦးကလည်း ၎င်းတို့ရပ်ကွက်က အုပ်ချုပ်ရေးအဖွဲ့တွေဟာ မြို့နယ်အားကစားခန်းမထဲမှာ သန်းခေါင်စာရင်းအချက်အလက်ကိုတွေကို ဖြည့်ကြတာလို့ ဆိုပါတယ်။

“ကျမတို့ရပ်ကွက်က လမ်းရှည်ကြီး ၃ လမ်းရှိတယ်။ ၁ နေ့ကို ၁ လမ်းနှုန်းနဲ့ ခန်းမထဲမှာသန်းခေါင်စာရင်းဖြည့်ကြတာ။ အိမ်ကိုလာမကောက်ဘူး။ အုတ်ဖို ၁ ရပ်ကွက်မှာ အိမ်ကိုလာကောက်တယ်ပြောတယ်။ မိသားစုဘယ်နှစ်ဦးရှိလဲမေးပြီး ကျန်တာမမေးဘဲ ပြန်ထွက်သွားတယ်လို့ ပြောတယ်။ ဟန်ပြလုပ်နေတာ။"လို့ ပြောပါတယ်။

ဒါ့အပြင်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဘွဲ့ပင်ကန်ရပ်ကွက်မှာလည်း ဘုန်းတော်ကြီးကျောင်းနဲ့ မင်းကွက် ၃ ရပ်ကွက်တွေမှာတော့ စစ်မှုထမ်းဟောင်းရုံးမှာ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့တွေက စုရပ်လုပ်အထိုင်ချပြီး ပြည်သူတွေက သွားရောက်အစစ်ခံရတာလို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတဝန်း သန်းခေါင်းစာရင်းကောက်ယူမှုကို အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်ထိ သတ်မှတ်ထားပြီး ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နဲ့ ခန့်မှန်းအိမ်ထောင်စု ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ကောက်ယူတာဖြစ်ပြီး တနိုင်ငံလုံးကောက်ကွက်ပေါင်း တသိန်းတသောင်းခန့်ကို စာရင်းစစ် စာရင်းကောက် လေးသောင်းနှစ်ထောင်ခန့်နဲ့ ကောက်ယူမှာဖြစ်ပြီး မေးခွန်းပေါင်း ၆၈ ခုပါဝင်ကာ တအိမ်တက်ဆင်းကောက်ယူမှာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က နိုင်ငံတဝန်းမှာပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုပြုခဲ့ရာမှာတော့ တအိမ်တက်ဆင်း သန်းခေါင်စာရင်းကောက်ယူနိုင်သလို နိုင်ငံတကာက ငွေကြေးကူညီမှုရှိခဲ့ပြီး အခုနှစ် စစ်ကောင်စီရဲ့သန်းခေါင်စာရင်းကောက်ယူမှု‌မှာတော့ နိုင်ငံတကာရဲ့ငွေကြေးကူညီမှုမရှိခဲ့ပါဘူး။

ပုံစာ - ပေါင်းတည်မြို့ပေါ်ရပ်ကွက်မှာ သန်းခေါင်စာရင်းကောက်မှု မြင်ကွင်း။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #သန်းခေါင်စာရင်း #ကောက်ယူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10