ခင်ဦးနယ်က ရွာတွေကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ၃ ဦးဒဏ်ရာရ၊ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးရပြန်

ခင်ဦးနယ်က ရွာတွေကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ၃ ဦးဒဏ်ရာရ၊ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးရပြန်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးနယ်က ရွာတွေကို ဇူလိုင်လ ၂၃ ရက် ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ ၃ ဦး ဒဏ်ရာရရှိပြီး ၄၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

မနက် ၉ နာရီကျော်မှာ ခင်ဦးနယ်၊ သိမ်တော်ကျေးရွာမှာရောက်ရှိနေတဲ့ အင်အား ၁၂၀ လောက်ပါ ခမရ ၇၀၂နဲ့ ခမရ ၇၀၈ စစ်ကြောင်းက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ၁၂၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာလို့ ဆိုပါတယ်။

"စစ်** တွေက သိမ်တော်ရွာကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ဒီနယ်ထဲမှာ အဲ့ဒီစစ်ကြောင်းပတ်မွှေနေတာ။ ရွာ ၆ ရွာကပြည်သူတွေမိုးထဲရေထဲမှာ စစ်ဘေးရှောင်နေရတယ်။ ပြည်သူ ၃ ဦးဒဏ်ရာရထားတယ်။ စိုးရိမ်ရလားဆိုတာ မသိရသေးဘူး" လို့ ခင်ဦးဒေသခံ ကိုရန်ငြိမ်းက မြေလတ်အသံကို ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေယမင်းရွာက ကိုသန်းငွေရဲ့နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲပြီး ဒေါ်အေးခိုင် ၄၃ နှစ်၊ မောင်ကံချွန် ၁၁ နှစ်နဲ့ ဘေးချင်းကပ်လျက်အိမ်က ကိုဇေယျာဦး ၂၃ နှစ်တို့မှာ ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ခင်ဦး LPDF ရဲဘော်တဦးက ပြောပါတယ်။

လက်ရှိမှာ စစ်ကြောင်းရောက်ရှိနေတဲ့ သိမ်တော်ရွာအပါအဝင် ရွှေယမင်း၊ တယ်ဘိုပင်၊သရက်ပင်ဝန်း၊ ကြာပင်အိုင်၊ သဲကုန်း စတဲ့ ကျေးရွာ ၆ ရွာက ဒေသခံ ၄၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာလည်း ခင်ဦးနယ်၊ မူးသာရွာနဲ့ သက်ပြင်းကျေးရွာတွေမှာ စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ကလေးနဲ့အမျိုးသမီးအပါ ၃ ဦးသေဆုံးခဲ့ပြီး ၈ ဦးဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ခင်ဦး #စစ်ဘေးရှောင် #ဒဏ်ရာရ #စစ်ကောင်စီတပ် #လက်နက်ကြီး #ပစ်ခတ်မှု

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10