ခင်ဦးနယ်က PDF နေထိုင်တဲ့နေရာတွေစီးနင်းခံရပေမယ့် လူ၊ပစ္စည်း ဆုံးရှုံးမှုမရှိဟုဆို

ခင်ဦးနယ်က PDF နေထိုင်တဲ့နေရာတွေစီးနင်းခံရပေမယ့် လူ၊ပစ္စည်း ဆုံးရှုံးမှုမရှိဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ရွာသစ်ကျေးရွာမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နေထိုင်တဲ့နေရာတွေ အောက်တိုဘာ ၁၅ ရက် မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်စီးနင်းတာ ခံခဲ့ရတယ်လို့ KDK – Khin U Dog Killers တပ်ဖွဲ့ဆီက သိရပါတယ်။

အင်းပတ်ကွေ့စျေးမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ် အင်အား ၃၀ ခန့်ဟာ ရွာသစ်ရွာကို လက်နက်ငယ်တွေပစ်ခတ်ဝင်ရောက်လာကာ  ကျေးရွာစာသင်ကျောင်းနဲ့ ဆေးပေးခန်းတွေကို ဝင်ရောက်ရှာဖွေခဲ့သလို ဒေသခံတွေရဲ့ နေအိမ်တွေကိုလည်း ဝင်ရောက်မွှေနှောက်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့မလာခင် ရွာသားတွေရော ကျနော်တို့ရောကြိုရှောင်ထားတာ။ ဘယ်သူမှအဖမ်းမခံရဘူး ရွာထဲက ပြည်သူတွေရဲ့ဆီပုံးတွေ ရွာတောင်ပိုင်းစျေးဆိုင်က ပစ္စည်းတွေတော့ပါသွားတယ် ” လို့ KDK – Khin U Dog Killers တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

ရွာသစ်ရွာဝင်စီးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီတယ်လီဂရမ်ချန်နယ်တွေမှာ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ် Drop Bomb ဗုံးသီး ၁ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၈ လုံး၊ ဒီတိုနေတာ ၁၆၉ ချောင်း၊ ယမ်းမှုန့် ၃ ပိဿာခန့် ၁ ထုပ်၊ ကန့်မှုန့် ၅ ပိဿာ ၁ ထုပ်၊ ယမ်းကြိုး ၂ ခွေ၊ ဝါယာကြိုး ၃ ခွေ၊ ဓာတ်ခဲ ၆ လုံး၊ ကီးပတ်ဖုန်း ၄ လုံး စတဲ့အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စာသင်ကျောင်းနဲ့ဆေးပေးခန်းတွေမှာ တပ်စွဲနေထိုင်တာမရှိသလို စစ်ကောင်စီဖော်ပြထားတဲ့ လက်နက်၊ခဲယမ်းတွေဟာလည်း ရွာသစ်ရွာအခြေပြု PDF တွေရဲ့ပစ္စည်းတွေ မဟုတ်ဘူးလို့ ပြောပါတယ်။

“မိုင်းတွေကတော့ သူတို့ယူလာတဲ့ မိုင်းတွေဘဲဖြစ်မယ်။ ကျနော်တို့မှာတော့ ကျေးရွာတွင်းမှာ အခုလို မိုင်းလုပ်တာမျိုး၊ လက်နက်နဲ့ ပတ်သက်ပြီးပြုလုပ်တာမျိုးမရှိသလို ရွာထဲမှာလည်း မထားဘူး။ သူတို့ဟာက လုပ်ပြီး တခါတည်း တန်းပြီးစဥ်ထားတာ”လို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ ရွာသစ်ကျေးရွာထဲမှာ တညအိပ်စခန်းသွားပြီး မနေ့ နေ့လယ် ၁၂ နာရီခွဲ လောက်မှာ ရေဦးမြို့ထဲကို ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ ရွာသစ်ကျေးရွာထဲကိုဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားသလို အမျိုးသား ၁ ဦးကိုလည်း သတ်ဖြတ်သွားခဲ့ပါသေးတယ်။

စာတည်း − ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ခင်ဦး #PDF #စခန်းစီးနင်း #စစ်ကောင်စီတပ် #ဝါဒဖြန့် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10