ခင်ဦးနယ်မှာ စစ်တပ်ကလက်နက်ကြီးပစ်ပြီး ရွာကိုဝင်လို့ ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

ခင်ဦးနယ်မှာ စစ်တပ်ကလက်နက်ကြီးပစ်ပြီး ရွာကိုဝင်လို့ ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ဝင်ရောက်လာလို့ အမျိုးသမီးတဦးထိမှန်သေဆုံးပြီး ၈ ဦး ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောပါတယ်။

ဇွန်လ ၂၄ ရက်ဒီနေ့မနက် ၇ နာရီခန့်မှာ အိမ်ခြေ ၃၀၀ ခန့်ရှိ တဲစုရွာကို အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးပစ်ခတ်၊  စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးသေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

"စစ်ကြောင်းကရွာနားကို ရုတ်တရက်ရောက်လာတော့ ရွာသားတွေလည်း အလျင်အမြန်ပြေးကြတာ။  အဲ့ဒီမှာစစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသမီးတယောက်သေပြီး  ၈ ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေရဲ့အခြေအနေကို အသေးစိတ်မသိသေးဘူး" လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးရဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ တဲစုရွာနဲ့ ၂ မိုင်ဝန်းကျင်အကွာ မြင်းဒေါင်းရွာမှာ ဇွန်လ ၂၀ ရက်ကနေ ၄ ရက်ကြာ ညအိပ်ခဲ့ပြီး ဒီနေ့မနက် ၃ နာရီလောက်မှာ တဲစုရွာကို တိတ်တဆိတ်ထွက်လာတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

နေ့လယ် ၁၁ နာရီလောက်မှာ စစ်ကြောင်းဟာ တဲစုရွာနဲ့ ၂ မိုင်ကျော်အကွာမှာရှိတဲ့ မြစ်တော်ရွာကို ဆက်လက်ဝင်ရောက်သွားတာကြောင့် ရွာသားအချို့ ရွာထဲပြန်ဝင်ကြသူတွေရှိသလို၊ တချို့မှာ စစ် ကြောင်း အခြေအနေစောင့်ကြည့်နေဆဲဖြစ်ပြီး ရွာထဲကိုပြန်မဝင်သူတွေလည်း ရှိတယ်လို့ဆိုပါတယ်။

ဇွန်လ ၉ ရက်မနက်ကလည်း ခင်ဦးမြို့နယ်၊ ရေအေးကုန်းရွာကို စစ်တပ်ကအင်အား ၁၀၀လောက်နဲ့ ဝင်ရောက်ညအိပ်ကာ နေအိမ် ၄ လုံးနဲ့စာသင်ကျောင်းကိုမီးရှို့ ပြီး သိုးနဲ့နွားအကောင်ရေ ၇၀ လောက် ကိုမောင်းယူသွားခဲ့ပါသေးတယ်။

ခင်ဦးမြို့နယ်မှာ စစ်တပ်ကမီးရှို့လို့  ကျေးရွာ ၄၆ ရွာက နေအိမ်ပေါင်း ၆,၀၀၀ ဝန်းကျင်ပြာကျပြီး မီးဘေးသင့်ပြည်သူပေါင်း ၃သောင်းကျော်ရှိကာ အမြဲတမ်းနေရပ်စစ်ရှောင် ၅,၀၀၀ ခန့်ရှိတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးဆီက သိရပါတယ်။

ပုံစာ - မေလ ၁၄ ရက်က ခင်ဦးမြို့နယ်ချမ်းသာကုန်းရွာကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတချို့ တိမ်းရှောင်နေရစဥ်။

 

စာတည်း- ရင်ငြိမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ခင်ဦး #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #လက်နက်ကြီး #ပစ်ခတ်မှု #လူသေဆုံးမှု #စစ်ဘေးရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10