ခင်ဦးနယ်၊ ကံသစ်ရွာက နေအိမ် ၁၇၀ ကျော်ကို စစ်တပ်ကမီးရှို့

ခင်ဦးနယ်၊ ကံသစ်ရွာက နေအိမ် ၁၇၀ ကျော်ကို စစ်တပ်ကမီးရှို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာမှာ စစ်အုပ်စုက တညအိပ်စခန်းချပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကံသစ်ရွာကို မေလ ၁၉ ရက် မနေ့က ညနေ ၄ နာရီလောက်မှာ ဝင်ရောက်ကာ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို မေလ ၂၀ ရက် ဒီနေ့မနက်မှာလည်း နေအိမ်တွေကိုထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။

“မနေ့က ညနေပိုင်း ကံသစ်ကို မီးရှို့နေတဲ့အချိန် ခင်ဦးဒေသခံရဲဘော်တွေက ၂ ဆင့်ကွဲလက်နက်ကြီးတွေနဲ့ အဝေးကနေ လှမ်းထုခဲ့ကြတယ်။ စခ အသေအပျောက်ရှိတယ်။ ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်” လို့ ဆိုပါတယ်။


ခုလို ၂ ရက်ဆက်တိုက် မီးရှို့ခံရလို့ နေအိမ် ၁၇၂ လုံး ပြာကျပျက်ဆီးခဲ့တယ်လို့လည်း ထူးခန့်ဇော် (အမေ့သား)က အတည်ပြု ပြောထားပါတယ်။

အဆိုပါ စစ်အုပ်စုဟာ ကံသစ်ရွာကို မီးရှို့ပြီးနောက် မနက် ၇ နာရီလောက်မှာ အဲ့ဒီရွာနဲ့ ၁၀ မိုင်လောက်ဝေးတဲ့ မြင်းဒေါင်းရွာဘက်ကို ပြန်လည်ထွက်ခွာသွားပြီး အဲဒီကနေတဆင့် ရေဦးမြို့နယ်ထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ ကံသစ်ရွာဟာ အခုလို မီးရှို့ခံရတာ ၃ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ ပြီခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁ ရက်မှာ နေအိမ် ၅၀ ကျော်နဲ့ မီးသတ်ရုံးတွေ မီးလောင်ပျက်စီးသွားခဲ့ပါသေးတယ်။

စာတည်း - လင်း

#မြေလတ်အသံ
#စစ်ကိုင်း #ခင်ဦး #စစ်ကောင်စီ #အိမ်မီးရှို့ဖျက်ဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10