ခင်ဦးမှာစစ်တပ်က စာသင်ကျောင်းနဲ့ အိမ်တွေမီးရှို့ပြီး သိုးနဲ့နွား ၇၀ ကျော်ကိုမောင်းယူသွား

ခင်ဦးမှာစစ်တပ်က စာသင်ကျောင်းနဲ့ အိမ်တွေမီးရှို့ပြီး သိုးနဲ့နွား ၇၀ ကျော်ကိုမောင်းယူသွား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရေအေးကုန်းရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ကာ ညဘက် အိပ်စက်ပြီးတဲ့နောက် လူနေအိမ်နဲ့ စာသင်ကျောင်းကိုမီးရှို့ခဲ့တဲ့အပြင် ကျေးရွာသားတွေပိုင်ဆိုင်တဲ့ သိုး၊ နွား အကောင်ရေ ၇၀ ကိုလည်းယူဆောင်သွားတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။

စစ်ကြောင်းဟာ ဇွန်လ ၉ ရက် မနက်မှာ ခင်ဦးမြို့ပေါ်ကနေအင်အား ၁၀၀ လောက်နဲ့ ရေအေးကုန်းရွာကို ဝင်ရောက်ညအိပ်ကာ အဲဒီညမှာနေအိမ် ၄ လုံးနဲ့ကျေးရွာစာသင်ကျောင်းကို မီးရှို့ပြီး ဇွန်လ ၁၀ ရက် ဒီမနက်အစောပိုင်းမှာ သိုးနဲ့နွားအကောင်ရေ ၇၀ လောက်ကိုမောင်းယူသွားတာလို့ဆိုပါတယ်။

"မနေ့က စစ်ကြောင်းကနေ့လယ်လောက်မှာ ထွက်ဟန်ပြပြီး ရွာထဲမှာညအိပ်တာ၊ ညရောက်မှ အိမ် ၄ လုံးနဲ့ စာသင်ကျောင်းကိုမီးရှို့တာ။ မနက်အစောပိုင်းရွာထဲကထွက်တော့ သိုးနဲ့နွားတွေကို စစ်ကြောင်းရှေ့ကနေမောင်း သွားတာ။ ပြီးတော့ရွာထဲမှာလည်း သတ်ဖြတ်စားသောက်ထားတာတွေလည်းရှိသေးတယ်" လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးရဲ့တာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ သိုး၊နွားတွေနဲ့အတူ ပျူစောထီးအားကောင်းတဲ့ ဖိုလ်ကုန်းရွာကို ဝင်ရောက်သွားတာဖြစ်ပြီး ရေအေးကုန်းရွာမှာရှိချိန်ကလည်း ကျေးရွာသားတွေရဲ့ သိုး ၂ ကောင်နဲ့ ဝက် ၁ ကောင်ကို သတ်ဖြတ်စားသောက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 


ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာသားတွေရဲ့နေအိမ်တွေမှာ "ခွေးမသားတွေမင်းတို့ မိုက်ရင်မိုင်းမထောင်နဲ့ သေနတ်ချင်းပစ်မယ်  ဖာသယ်မသား PDFတွေ"၊ "PDF ခွေးမျိုး"၊ "လေတိုက်တိုင် သစ်ရွက်မကြွေးပါဘူး။ မင်းတို့ဂရုစိုက်နေကြ။ အေချမ်ပါစေမင်တို့ " ဆိုတဲ့စာသားတွေကိုလည်း ရေးသားခဲ့တာကို ခင်ဦးသတင်းမှန်ပြန်ကြားရေးကထုတ်ပြန်တဲ့ဓါတ်ပုံမှတ်တမ်းတွေမှာတွေ့ရပါတယ်။

အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ကလည်း မဒေါင်းလှအုပ်စုမိုးနတ်ကျေးရွာကနေအိမ် ၇ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ခင်ဦးမြို့နယ်မှာ စစ်တပ်ကမီးရှို့လို့ ကျေးရွာ ၄၆ ရွာက နေအိမ်ပေါင်း ၆,၀၀၀ ဝန်းကျင်ပြာကျပြီး မီးဘေးသင့် ပြည်သူပေါင်း ၃သောင်းကျော်ရှိကာ အမြဲတမ်းနေရပ်စစ်ရှောင် ၅,၀၀၀ ခန်ရှိတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးဆီက သိရပါတယ်။

 

ဓါတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ခင်ဦး #စစ်ကိုင်းတိုင်း #ရေအေးကုန်းရွာ #စစ်တပ် #အိမ်မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10