ခင်ဦးမှာ စစ်တပ်ကစစ်ကြောင်းထိုးလို့ ဒေသခံ ၃၀၀၀ ကျော် ရွာထဲမပြန်နိုင်သေး

ခင်ဦးမှာ စစ်တပ်ကစစ်ကြောင်းထိုးလို့ ဒေသခံ ၃၀၀၀ ကျော် ရွာထဲမပြန်နိုင်သေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကျီးကန်အုပ်စု၊ ရေအေးကုန်းရွာကို ဇွန်လ ၉ ရက်ဒီမနက် ၈ နာရီလောက်မှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ကာ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံ ၃ ထောင်လောက် တိမ်းရှောင်ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်၊ ရွှေမိုးညိုဘုရားကနေ ရေအေးကုန်းရွာထဲကို စစ်တပ်က လက်နက်ကြီး၊ငယ်တွေနဲ့  ရမ်းသမ်းပစ်ခတ် ဝင်ရောက်လာလို့ ရေအေးကုန်းရွာနဲ့ အနီးရှိ သံဘို၊ ချောင်းစုံ၊ ကျီးကန်ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

"ရွာသားတွေကလည်း စစ်ကြောင်းလာမှန်း ကြိုသိလို့ မိုးရွာထားတဲ့ကြားက ကြိုပြီးရှောင်ကြတာ။ ခြေလျင်ရော နွားလှည်းရော ဆိုင်ကယ်တွေနဲ့ပြေးကြတာ။ လူဦးရေ  ၃,၀၀၀ လောက်ရှိမယ်။ စစ်တပ်က လက်နက်ကြီးနဲ့ရမ်းထုလို့။ ဒဏ်ရာရသူ ရှိမရှိတော့ အသေးစိတ်တော့မသိရသေးဘူး"လို့ ပြောပါတယ်။

စစ်ကြောင်းဟာ မနက် ၁၁ နာရီဝန်းကျင်လောက်မှာ ရေအေးကုန်းရွာကနေ ထွက်သွားပြီး၊ လက်ရှိမှာ ရွှေဘိုမြို့ထဲကို ဝင်ရောက်သွားတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကြောင်းထွက်ခွာသွားပေမယ့် စစ်တပ်က ကင်းပုန်းတွေချန်ထားခဲ့မှာစိုးရိမ်လို့ စစ်ရှောင်တွေဟာ ရွာထဲကိုပြန်မဝင်ရဲဘဲ တိမ်းရှောင်နေတဲ့ စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာပဲ လက်ရှိအချိန်အထိ ရှိနေသေးတယ်လို့ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီနေ့မနက်မှ ခင်ဦးမြို့ကနေ မနက်အစောပိုင်းထွက်လာတဲ့ ဘီးလူးစစ်ကြောင်းဖြစ်ပြီး အင်အား ၁၀၀ ကျော်ပါဝင်တယ်လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ်ထဲက မဒေါင်းလှရွာ၊ မန်ကျည်းကုန်းရွာ၊ ရွာသစ်ကုန်းနဲ့ ပျဥ်ထောင်ကျေးရွာတွေကို စစ်တပ်က အာဏာသိမ်းအပြီးလပိုင်းအကြာမှာ တပ်လာစွဲလို့ အနီးဝန်းကျင်ကျေးရွာ ၂၇ ရွာက ဒေသခံအချို့ဟာ ရွာကိုစွန့်ကာ တိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်။ 

အဲ့ဒီ ၂၇ ရွာက တိမ်းရှောင်ကြသူဦးရေ ၁ သောင်းဝန်းကျင်ခန့်ရှိပြီး အချို့ဟာ အခြားဒေသတွေမှာ သွားရောက်နေထိုင်ကြသလို လူဦးရေ ၅၀၀၀ လောက်ကတော့ ခင်ဦးမြို့နယ်ထဲက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ တောတိုက်တွေထဲမှာ စစ်ရှောင်နေကြတာ ၁ နှစ်ခွဲဝန်းကျင်လောက်ရှိပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်မနက်ကလည်း စစ်ကောင်စီစစ်တပ်ဟာ ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာကို ၄ ကြိမ်မြောက် ဝင်ရောက်မီးရှို့ပြီး နေအိမ်ထဲက ဗုဒ္ဓဆင်းတုတော်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့လို့ အဲဒီနေ့က နေအိမ် ၆၅ လုံးနဲ့ ဘုန်းတော်ကြီးကျောင်းက ကျောင်းဆောင် ၄ ဆောင်လည်း ပြာကျခဲ့ရပါသေးတယ်။

 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ခင်ဦး #ရေအေးကုန်းရွာ #စစ်ကောင်စီ #စစ်ကြောင်းထိုး #ဒေသခံ #တိမ်းရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10