ခင်ဦးမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၃၀၀၀ ကျော်တိမ်းရှောင်ရပြန်

ခင်ဦးမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၃၀၀၀ ကျော်တိမ်းရှောင်ရပြန်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ၂ ရွာကို စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ယနေ့ဇူလိုင် ၈ ရက်မနက်မှာ ဒေသခံ ၃၀၀၀ ကျော်တိမ်းရှောင်နေရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေး အဖွဲ့ဝင်တဦးဆီက သိရပါတယ်။

 

ခင်ဦးမြို့နယ်၊ အင်းပက်ကွေ့ရွာ စျေးတန်းအနီးမှာ အထိုင်ချတဲ့ စစ်တပ်နဲ့ပျူစောထီး အင်အား ၃၀ လောက်က အင်းပတ်ရွာနဲ့ ချမ်းသာကုန်းရွာဖက်ကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်လို့ထွက်ပြေးရတာလို့ ဆိုပါတယ်။

 

"နီးစပ်ရာတောတွေတောင်တွေ၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေတာပေါ့။ အနီးဝန်းကျင်ရွာသူတွေရောပါတော့ စစ်ရှောင်ဦးရေ ၃ ထောင်လောက်ဖြစ်သွားတယ်" လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

 

 

မြကန်၊ ရွာသစ်၊ အင်ပက်၊ ချမ်းသာကုန်းရွာစတဲ့ ကျေးရွာတွေကဒေသခံပြည်သူ ၃၀၀၀ ဦးလောက်တိမ်းရှောင်နေရတာလို့သူက ဆက်ပြောပါတယ်။

 

လက်ရှိမှာစစ်ကြောင်းဟာ စတင်ထွက်ခွာလာတဲ့ အင်းပက်ကွေ့စျေးတန်းကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ဇူလိုင် ၇ ရက်ကလည်း အင်းပက်ကွေ့စျေးတန်းမှာ အထိုင်ချတဲ့ စစ်အုပ်စုအင်အား ၂၀ ဦးကျော်ဟာလည်း မြကန်ရွာကနေအိမ် ၂ လုံးကိုမီးရှို့ပြီး ကျေးရွာထဲက စားသောက်ကုန်တွေ ယူဆောင်ခဲ့သလိုဒေသခံအမျိုးသားတဦးကိုလည်း ပစ်သတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

 

ဇူလိုင် ၅ ရက်ကစတင်ပြီး ခင်ဦးမြို့နယ်ထဲမှာ လှည့်လည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးအင်အား ၁၀၀ ပါစစ်ကြောင်းဟာ ကုန်းကြီးရွာကနေအိမ် ၂၅ လုံးနဲ့ လယ်သစ်တောရွာကနေအိမ် ၂ လုံးနဲ့ အသားစားကြက်ခြံ ၁၂  ခြံကိုလည်းမီးရိူ့ခဲ့လို့ကြက်အရွယ်မျိုးစုံ အကောင်ရေ ၄ သောင်းမီးလောင်ဆုံးရူံးခဲ့သေးတယ်လို့ သိရပါတယ်။

 

 

စစ်ကောင်စီက ကုန်းကြီးရွာကိုမီးရိူ့ခဲ့ရာမှာ အမည်နေရပ်မသိရတဲ့ အမျိုးသားတဦးလည်း မီးလောင်သေဆုံးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

 

လက်ရှိခင်ဦးမြို့နယ်အတွင်း တောတိုက်တွေနဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ မီးဘေးသင့်သူနဲ့ အနေကြာစစ်ရှောင်ဦးရေ  ၅၀၀၀ ဦးခန့်ရှိတယ်လို့ သိရပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခင်ဦး #စစ်ကောင်စီ #လက်နက်ကြီး #ပစ်ခတ် #မီးရှို့ဖျက်ဆီး #ဒေသခံ #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10