ခင်ဦးမှာ တိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေဆုံး

ခင်ဦးမှာ တိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပင်တင်ရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ Myanmar's Roal Dragon Army - MRDA တပ်ခွဲမှူး ဗိုလ်စေတန်ဆီက သိရပါတယ်။

ဩဂုတ် ၁၉ ရက် မနက် ၉ နာရီခွဲလောက်မှာ ကန့်ဘလူက ထွက်လာတဲ့စစ်ကြောင်းက မဒေါင်းလှရွာ ပျူစောထီးတွေနဲ့ပေါင်းကာ စုပေါင်းအင်အား ၂၀၀ ဝန်းကျင်နဲ့ ခြေလျင်စစ်ကြောင်းထိုးလာချိန် တဖက်ပွင့်မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပထမ ကန့်ဘလူက ထွက်လာတာက အင်အား ၁၀၀ ကျော်ကိုတော့ ကြားကနေ လက်နက်ငယ်နဲ့ ဖြတ်တိုက်မလို့စီစဥ်တာ၊ မဒေါင်းလှပျူနဲ့ပေါင်းလာတော့ အင်အား ၂၀၀ ကျော်ဆိုတော့ အင်အားချင်းမမျှလို့ တဖက်ပွင့် ၂ လုံးနဲ့ ဆွဲခဲ့တာ။ ဒရုန်းကင်မရာမှာ ၁ ဦးလဲကျနေပြီး ၂ ဦးက ထိခိုက်သွားတယ်"လို့ MRDA က တပ်ခွဲမှူး ဗိုလ်စေတန် က ပြောပါတယ်။

မြန်မာ့တော်ဝင်နဂါးတပ်တော် - MRDA ရဲ့ စေတန်တပ်စု၊ BWGRF (local) နဲ့ ဒေါင်းသွေးနီး ပကဖ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းကတော့ ခင်ဦးမြို့ထဲကို ပြန်လည်ဝင်ရောက်သွားကာ ဒဏ်ရာရသူ ၂ ဦးကို ခင်ဦးဆေးရုံမှာ ကုသပေးနေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့လယ်ကလည်း မုံရွာနဲ့ ဆားလင်းကြီးမြို့နယ်ကြားရှိ ချင်းတွင်းမြစ်ကြောင်းတနေရာမှာ စစ်ကောင်စီသင်္ဘော ၄ စီးကို MRDA စေတန်တပ်ခွဲက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ချုံခိုတိုက်ခိုက်ခဲ့ကြပါသေးတယ်။

သြဂုတ် ၂၁ ရက် ဒီမနက် ၁၁ နာရီခွဲလောက်မှာတော့ ခင်ဦးမြို့ရဲစခန်းမှာရှိနေတဲ့ စစ်ကောင်စီ တပ်သား ၁၀၀ လောက်က ခင်ဦးမြို့၊ အောင်သီရိရပ်ကွက်မှတဆင့် ပန်းမုံဘုရားဘက်ကို စစ်ကြောင်းထိုးနေတဲ့အတွက် အနီးကျေးရွာ ၅ ရွာက ဒေသခံ ၃ ထောင်ကျော် တိမ်းရှောင်နေကြရပါတယ်။ 

ဒါ့အပြင် အောင်သီရိရပ်ကွက်က အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးသွားပြီး ၁ ဦးကိုပြန်လွှတ်ခဲ့ကာ၁ ဦးကိုတော့ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့် MRDA တပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ခင်ဦး #ပင်တင်ရွာ #စစ်ကောင်စီ #တိုက်ခိုက် #တဦးသေ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10