ခင်ဦးမှာ အုပ်စွဲဖွဲ့ လုယက်သတ်ဖြတ်မှု တပတ်ခန့်ကြာအထိ လက်သည်မပေါ်သေး

ခင်ဦးမှာ အုပ်စွဲဖွဲ့ လုယက်သတ်ဖြတ်မှု တပတ်ခန့်ကြာအထိ လက်သည်မပေါ်သေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ တယ်ဘိုပင်ကျေးရွာကနေအိမ်တအိမ်ကို အမည်မသိလက်နက်ကိုင်တွေက ဓားပြတိုက်တဲ့အပြင် အိမ်ရှင်အမျိုးသားကိုလည်း ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
တယ်ဘိုပင်ရွာက ဟာဂျီဦးဘိုလေးရဲ့နေအိမ်ကို ဖေဖော်ဝါရီလ ၂၂ ရက်ည ၇ နာရီ ၄၅ မိနစ်လောက်မှာ လူအင်အား ၃၀ နီးပါးပါဝင်တဲ့ လက်နက်ကိုင်တွေဟာ ဆိုင်ကယ်တွေနဲ့ရောက်လာပြီး ရွှေ၊ငွေနဲ့ ဆိုင်ကယ်တွေကို ဓားပြတိုက်ယူဆောင်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“သူတို့ရဲ့မျက်နှာတွေကို ပုဝါနဲ့ အုပ်ထားတယ်။ အသက်တွေက ၁၈ ကနေ ၃၀ ဝန်းကျင်တွေ။ မိသားစုဝင် ၅ ယောက်လုံးကို မှောက်ထားခိုင်းပြီး လည်ပင်းတွေကိုလည်းတက်နင်းထားတယ်။ အိမ်ထဲကနေ ငွေကျပ် သိန်း ၆၅၀၊ ရွှေထည် ၁ ပိဿာကျော်ကို ချွတ်ယူတာရော၊သိမ်းယူတာရော ပြီးတော့ ဆိုင်ကယ်(လိုင်စင်ပါ)၄ စီး ယူသွားတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ဓားပြတိုက်ခံရတဲ့နေအိမ်ပိုင်ရှင် အသက် ၅၅ နှစ်အရွယ် ဟာဂျီ ဦးဘိုလေးကို အဲ့ဒီလက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဖေဖော်ဝါရီလ ၂၃ ရက်မှာ အလောင်းသာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“ဟာဂျီဦးဘိုလေး အိမ်ကနေသူတို့မထွက်ခင်မှာ ငါ**ကုလားတွေ မျိုးစုံကြိမ်းဝါးဆဲဆိုသွားတယ်။ ဟာဂျီဦးဘိုလေးကို ဖမ်းသွားပြီးတော့ သူ့ရဲ့ ရုပ်အလောင်းကို သဲကုန်းရွာအနောက်ဖက် ကပ်လျက်မှာရှိတဲ့ ချိုင်စောက်တံတား ရေချိုးချောင်းထဲမှာ နောက်နေ့ညနေမှပြန်တွေ့တာ။ လယ်ဂုတ်မှာ ဓားခုတ်ရာ ၂ ချက်နဲ့ သေဆုံးနေတာတွေ့ရတယ်”လို့ သူကဆက်ပြောပါတယ်။

ပစ္စည်းလု၊ လူသတ်သွားတဲ့ လက်နက်ကိုင်တွေဟာ သူတို့လုပ်ဆောင်ခဲ့တာတွေနဲ့ပတ်သက်ပြီး မိသားစုဝင်တွေထဲက တိုင်တန်းတာတွေလုပ်ခဲ့ရင် နောက်တကြိမ်ထပ်လာပြီး သတ်ပစ်မယ်လို့ ခြိမ်း ခြောက်သွားတယ်လို့လည်း သိရပါတယ်။

ဒီလုယက်သတ်ဖြတ်မှုလုပ်ခဲ့သူတွေက ဘယ်သူလဲဆိုတာကိုတော့ အခုအချိန်ထိမသိရှိရသေးပါဘူး။

သတ်ဖြတ်ပစ္စည်းလုခံလိုက်ရတဲ့ ဟာဂျီဦးဘိုလေးဟာ နိုင်ငံရေးနဲ့ပတ်သက်တာတွေ လုပ်ဆောင်တာမျိုးမရှိပဲ သာမာန်တောင်သူလုပ်ငန်းနဲ့ လယ်ထွန်စက်ပစ္စည်းတွေ ရောင်းဝယ်ရေးဆက်စပ်လုပ်ငန်းတွေကို လုပ်ကိုင်သူဖြစ်တယ်လို့လည်း ဒေသခံတွေဆီကသိရပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10